close

ချန်ပီယံလိဂ်က ထွက်ခဲ့ရမှုအပေါ် မက်ဆီနှင့် နေမာတို့ကို ပီအက်စ်ဂျီပရိသတ်များ လှောင်ပြောင်

ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီးနောက် ပထမဆုံးလိဂ်ပွဲစဉ်မှာ မက်ဆီနဲ့ နေမာတို့ကို ပီအက်စ်ဂျီ ပရိသတ်တွေက လှောင်ပြောင်ခဲ့ကြပါတယ်။ 

ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ရီးရဲလ်မက်ဒရစ်ကိုရှုံးနိမ့်ပြီး ပြိုင်ပွဲကနေထွက်ခဲ့ရတာပါ။ 

မနေ့က ကစားသွားခဲ့တဲ့ ဘော်ဒိုးအသင်းနဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ ပီအက်စ်ဂျီက ၃ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရခဲ့ပေမယ့် ပွဲမစခင် အသင်းသားတွေရဲ့ အမည်ကို ကြေညာရာမှာ ပရိသတ်တွေက မက်ဆီနဲ့ နေမာကို ပစ်မှတ်ထားပြီး လှောင်ပြောင်ခဲ့ကြတာပါ။ 

မက်ဒရစ်နဲ့ ၂ ကျော့မှာ ၂ ဂိုးသွင်းခဲ့တဲ့ အမ်ဘာပေရဲ့အမည် ကြေညာချိန်မှာ ပရိသတ်တွေက လက်ခုပ်တီးအားပေးခဲ့ကြပေမယ့် မက်ဆီနဲ့ နေမာတို့ရဲ့အမည်တွေ ကြေညာချိန်မှာတော့ အော်ဟစ် လှောင်ပြောခဲ့ကြတာပါ။ 

ဘော်ဒိုးနဲ့ ပွဲစဉ်မှာ တိုက်စစ်မှူးနေမာက ၁ ဂိုးသွင်းခဲ့ပေမယ့် အောင်ပွဲခံခြင်းမရှိခဲ့သလို ပရိသတ်တွေထဲကနေလည်း အော်ဟစ်လှောင်ပြောင်မှုတွေရှိခဲ့ပါတယ်။ 

ပီအက်စ်ဂျီအသင်းဟာ ပထမအကျော့အိမ်ကွင်းမှာ မက်ဒရစ်ကို ၁ ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့ပြီး ဒုတိယ အကျော့မှာလည်း ဦးဆောင်ဂိုးစရခဲ့ပေမယ့် ဒုတိယပိုင်းမှာ ၁၇ မိနစ်အတွက် ၃ ဂိုး ပေးခဲ့ရပြီး နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး ၂ ဂိုး နဲ့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ 

ပီအက်စ်ဂျီဟာ ပြည်တွင်းလိဂ်မှာတော့ ပွဲစဉ် ၂၈ ပွဲအပြီးမှာ ဒုတိယနေရာက နိုက်စ်အသင်းကို ၁၅ မှတ်အထိဖြတ်ပြီး ချန်ပီယံဖြစ်ဖို့ သေချာသလောက်ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up