close

မန်ယူအသင်းတွင် ဘောလုံးကစားချင်စိတ် ပျောက်ဆုံးခဲ့ကြောင်း မာရှယ် ဝန်ခံ

မန်ယူအသင်းမှာ ပွဲထွက်ခွင့်မရခဲ့မှုနဲ့အတူ ဘောလုံးကစားချင်စိတ်ပါ ပျောက်ဆုံးခဲ့ရတယ်လို့  တိုက်စစ်မှူး မာရှယ်က ပြောပါတယ်။ 

မာရှယ်ဟာ အခုနှစ်ဇန်နဝါရီအပြောင်းအရွှေ့မှာ ဆီဗီလာ အသင်းကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။ စပိန်ကလပ်မှာတော့ ပွဲထွက်ကစားခွင့်ရနေတဲ့အပေါ် ပျော်ရွှင်ကျေနပ်နေပြီး မန်ချက်စတာမှာတုန်းက ဘောလုံးကစားချင်စိတ်တောင် အနည်းငယ် ပျောက်ဆုံးခဲ့တယ်လို့ မာရှယ်က ပြောပါတယ်။ 

“ကျနော့်အတွက်တော့ ဆီဗီလာမှာ ပွဲကစားခွင့်ပြန်ရပြီး ပျော်ရွှင်မှုတွေရခဲ့လို့ အကောင်းဆုံး ရွေးချယ်မှုဖြစ်ခဲ့တယ်။ မန်ချက်စတာမှာတုန်းက ဘောလုံးကစားချင်စိတ်တောင် အနည်းငယ်ပျောက်ဆုံးခဲ့သေးတယ်။ ဒါက ဘောလုံးကစားခွင့်မရတော့တာနဲ့လည်း ဆိုင်တယ်။ ဆီဗီလာမှာတော့ ကျနော်အလွန်အဆင်ပြေပါတယ်။ မြို့တော်က သာယာလှပသလို  ကျနော်တို့အသင်းကလည်း ကောင်းမွန်တဲ့အသင်းဖြစ်လို့ ကျနော့်အတွက်တော့ ပြည့်စုံပါတယ်။ ဒါပေမယ့် ရာသီကုန်ဆုံးချိန်အထိပဲ ဒီမှာဆက်ရှိရမှာပါ။” 

တခါတလေမှာ အပြုံးအရယ်နည်းတယ်လို့ လူတွေကထင်ကြပေမယ့် အပြင်ဘဝမှာတော့ အမြဲတမ်းပြုံနေတယ်ဆိုတာ လူတိုင်းသိကြောင်း၊ ပြုံးပျော်နေဖို့ထက် ဘောလုံးအပေါ်မှာပဲ အာရုံစိုက်ချင်တာဖြစ်လို့ လူတွေ ဘယ်လိုပဲမြင်ပါစေ အဆင်ပြေကြောင်းလည်း မာရှယ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up