စစ်ကောင်စီတပ် ဝင်ရောက်ဖျက်ဆီးနေသဖြင့် စစ်ကိုင်းတိုင်း ရွာ ၆ ရွာကဒေသခံများ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်နှစ်ခုကြား မူးမြစ်ကမ်းရိုးဘေးက ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ဖျက်ဆီးနေတာကြောင့် ရွာ ၆ ရွာက ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ မတ် ၁၄ ရက်နေ့ကတည်းက အဲဒီရွာတွေဘက်ကို PDF ရှိမယ်အထင်နဲ့ စစ်ကြောင်းထိုး အကြမ်းဖက်နေတာလို့ ဒေသခံတဦးက ပြောပါတယ်။
“တရွာဝင် တရွာထွက် လုပ်တယ်။ ရွာထဲက အိမ်တွေထဲဝင်ပြီး သူတို့လိုချင်တာ ယူတယ်။ မတ်လ ၁၄ ရက်နေ့က မူးရိုးကုန်း၊ ကျူတော၊ ကျွဲတိုးခြုံ၊ ချောင်းမီးတိုရွာတွေကို စစ်ကောင်စီတပ်တွေ ဝင်ပြီး ဖျက်ဆီးတယ်။ မနေ့ မတ်လ ၁၅ ရက်နေ့ကလည်း ညောင်ကိုင်းရွာ၊ တည်သီးတောရွာ၊ ကူးတို့ဆိပ်ကွာ၊ ဆင်အင်းရွာ၊ မအူပင်ရွာ၊ မြင်းစီးရွာတွေကို မွှေနှောက်ရှာဖွေ ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်။ နောက်ပြီး ချောင်းမီးတိုရွာနဲ့ ကျွဲတိုးခြုံရွာကိုလည်း ဝင်မွှေပြီးတော့ သူတို့လိုချင်တဲ့ ပစ္စည်းဥစ္စာတွေ ခိုးယူတာတွေ လုပ်သွားသေးတယ်ဗျ။ သူတို့ပြောတော့ PDF ကို ရှာတာလို့လည်း ပြောသေးတယ်။ ဘာလို့ ပြည်သူတွေပိုင်တဲ့ ပစ္စည်းတွေကို ဖျက်ဆီးနေတာလဲ။”
မတ် ၁၆ ရက်နေ့ ဒီနေ့မှာတော့ စစ်ကောင်စီတပ် အင်အား ၁၀၀ လောက်ဟာ ရုံးတော၊ ကျောင်လျှာတော ရွာတွေဘက် ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။