တောင်ကြီးမြို့ ၌ မီးလောင်မှုဖြစ်ပြီး ညီအစ်မ ၃ ဦး သေဆုံး

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက် စံပယ်လမ်းရှိနေအိမ်တစ်အိမ်မှာ မတ်လ ၂၀ ရက်ညသန်းခေါင်ကျော်က မီးလောင်မှုဖြစ်ပြီး မိန်းကလေး ၃ ယောက် သေဆုံးသွားခဲ့ပါတယ်။
မီးလောင်မှုကြောင့် မိန်းကလေး ၂ ဦး သတိလစ်မေ့မြောနေပြီး ကျန်တဲ့တစ်ယောက်မှာ ဒဏ်ရာရကာ မီးဟပ်နေလို့အားလုံးကို စဝ်စံထွန်း ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ သူတို့ထဲက ၁ ယောက်မှာ ဆေးရုံရောက်တော့ အသက်မရှိတော့ဘဲ ကျန်တဲ့ ၂ ယောက်ကလည်း ကနေ့မနက် ၃ နာရီလောက်မှာ ဆုံးပါးသွားတယ်လို့ တောင်ကြီးကြက်ခြေနီနဲ့သူနာပြုတပ်ဖွဲ့ဝင် တစ်ဦးက ဒီဗွီဘီကို ပြောပါတယ် ။
“ဒဏ်ရာရသူ ၃ ယောက်လုံးကို ကျနော်တို့ စဝ်စံထွန်းဆေးရုံကြီးဆီ ပို့ပေးခဲ့ပါတယ်။ အသက် ၂၀ အောက်မိန်းကလေးတွေပါ ၊ တစ်ယောက်က ဆေးရုံရောက်တော့ အသက်မရှိတော့ဘူး ၊ နောက် ၂ ယောက်က ကနေ့မနက် ၃ နာရီလောက်က ဆုံးသွားပြီလို့ သိရတယ်၊ ပြင်ပဒဏ်ရာကြီးကြီးမားမား မရှိပါဘူး၊ အဓိကကတော့ မီးခိုးမွှန်လို့ အသက်ရှုကြပ်ပြီး ဆုံးသွားတာလို့ ခန့်မှန်းပါတယ်ခင်ဗျ။ ”
မီးလောင်တဲ့အိမ်ဟာ နှစ်ထပ်တိုက်ခွဲအိမ်ကြီးဖြစ်ပြီး အိမ်ကြီးရော အတွင်းပရိဘောဂပစ္စည်း တွေပါ အကုန်လောင်သွားတယ်လို့ ဆိုပါတယ်။
မီးလောင်ရတဲ့အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုအခြေအနေသိရဖို့အတွက် ဒီဗွီဘီက သက်ဆိုင်ရာ မီးသတ်ဌာနတာဝန်ရှိသူကို ဆက်သွယ်မေးမြန်းထားပေမယ့် အစည်းအဝေးရှိနေလို့ မဖြေကြားနိုင်သေးဘူးလို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရတဲ့ မိန်းကလေး ၃ ယောက်ဟာ ကွန်ဟိန်းမြို့နယ် ကာလိမြို့ကနေ လာတာဖြစ်ပြီး မိဘတွေက ခရီးထွက်နေကြကြောင်း၊ မိန်းကလေးတွေဟာ အသက် ၁၉ နှစ် ၊ ၁၄ နှစ် နဲ့ ၁၃ နှစ်ရွယ် သာရှိသေးတဲ့အတွက် မီးပေါ့ဆမှုဖြစ်သွားတာလို့ ဘေးပတ်ဝန်းကျင်က ယူဆတယ်လို့ ပြည်တော်သာရပ်ကွက်နေပြည်သူ ၁ ဦးက ပြောပါတယ်။
တောင်ကြီးမြို့မှာ တနေကုန်မီးပျက်နေပြီး ညသန်းခေါင်ကျော်မှာ မီးပြန်လာကြောင်း၊ မီးလာချိန်စောင့်ရင်းနဲ့ လျှပ်စစ်မီးပူ ၊ ထမင်းအိုး အစရှိတဲ့ လျှပ်စစ်ဓာတ်အား သုံးပစ္စည်းတွေ၊ ဘက္ထရီအားသွင်းတာတွေလုပ်ရင်း ပလပ်တပ်ထားပြီး ရုတ်တရက်မီးပြန်လာတော့ ရှော့ဖြစ်သွား တာဖြစ်နိုင်ကြောင်း တောင်ကြီးဒေသခံကပြောပါတယ်။
တောင်ကြီးမြို့ ပြည်တော်သာရပ်ကွက် နယ်မြေ ၁၂၊ စံပယ်လမ်းရှိ နေအိမ်တစ်အိမ်မှာ မနေ့ည သန်းခေါင်ကျော် ည ၁၂ နာရီ ၁၇ မိနစ်လောက်က မီးလောင်မှု သတင်းရတဲ့အတွက် တောင်ကြီးခရိုင်နဲ့ မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် ၆ စီး၊ ရေသယ်ယာဉ် ၂ စီးနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ရာမှာ ၁၂ နာရီ မိနစ် ၄၀ လောက်မှာ မီးငြိမ်းသွားတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ထဲမှာလည်း ဒီကနေ့မနက်က မီးလောင်မှုတစ်ခု ထပ်ဖြစ်ခဲ့ရာမှာ မီးသတ်ဌာနက အချိန်မီရောက်သွားတဲ့အတွက် မီးဖိုချောင်သာ မီးလောင်ကျွမ်းပြီး အိမ်မကြီးနဲ့ ဘေးအိမ်တွေမကူးခဲ့ဘူးလို့ သိရပါတယ်။
မီးလောင်မှုကြောင့် ဆုံးရှုံးမှုငွေ ကျပ် ၁ သိန်းဖိုးရှိတယ်လို့ သက်ဆိုင်ရာက ခန့်မှန်းကြောင်း တောင်ကြီးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်က ပြောပါတယ်။