close

စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့သဖြင့် ဒီပဲယင်း အရှေ့ခြမ်းက ဒေသခံများ နေရပ်စွန့်ခွာနေရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ကနေတဆင့် ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းကို စစ်ကောင်စီတပ်က မတ် ၂၁ ရက်နေ့ ညပိုင်းကနေ စတင်ဝင်ရောက်ခဲ့တာကြောင့် မရကန်ကျေးရွာနဲ့ မူခံတွင်းကျေးရွာက ဒေသခံတွေ နေရပ်စွန့်ခွာနေကြရတယ်လို့ သိရပါတယ်။

အဲဒီစစ်ကောင်စီတွေဟာ ရေဦးမြို့ကနေ ထွက်လာကာ ဆည်ကြီးကျေးရွာနဲ့ ညောင်လှရွာ လမ်းကနေ စစ်ကြောင်းဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။

“ပြေးရတာပေါ့ဗျ။ လူစိတ်မရှိတဲ့ကောင်တွေဆိုတော့ ကိုယ်အသက်ရှာကြံမွေးရမယ်။ ဒီကောင်တွေက အင်အားများတယ်ဗျ။ စစ်ကောင်စီတပ်တွေတင်မကဘူး ပျူစောထီးတွေပါ ပါတယ်ဆရာရေ။ အခုဒီကောင်တွေ ဒီပဲယင်းအရှ့ခြမ်းက မရကန်ရွာကိုရောက်ရှိနေပြီ။ ဒီကောင်တွေ မနေ့ညနေပိုင်းက ဆည်ကြီးရွာ နဲ့ ဒီနေ့မနက်ပိုင်း မူးခံတွင်းကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့တာတွေလည်း လုပ်ခဲ့ကြတယ်။ အိမ်ခြေဘယ်လောက်လောင်မယ်ဆိုတာကိုတော့ အတိကျမပြောနိုင်သေးဘူး။ ကိုယ်တောင် အသက်လုပြေးနေရတာဆိုတော့။ ကျနော်တို့ မရကန်ရွာတင်မကဘူးဗျ အနီးအနားက မူးခံတွင်းရွာတွေနဲ့ ကျန်တဲ့ကျေးရွာတွေလည်း ပြေးကြရတယ်။ ဒေသခံတွေကတော့ စစ်ဆိုတဲ့ အသံကြားရင် ချီးမွန်းတာထက်ဆိုးတယ် ရွံကြောက်ကြီးပေါ့” လို့ မရကန်ဒေသခံရွာသားကပြောပါတယ်။

ဒီပဲယင်းမြို့နယ် မရကန်ကျေးရွာကိုလည်း စစ်ကောင်စီတပ်က မတ် ၁၈ ရက် မနက်ပိုင်းမှာ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၄ လုံးနဲ့ ရွာစောင့်တဲ ၃ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လေဖြတ်နေတဲ့ အဘိုးအိုတဦး မီးထဲပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုစစ်ကောင်စီဝင်ရောက်နေတဲ့ ရေဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်တွေမှာ အင်တာနက်လှိုင်းတွေ ဖြတ်တောက်ထားပြီး ဖုန်းခေါ်ဆိုတာတွေပါ အစဉ်မပြေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up