စစ်တပ်အကြမ်းဖက်ပစ်သတ်မှုကြောင့် ကျဆုံးပြည်သူ ၁၇၂၀ နီးပါး၊ ဖမ်းဆီးခံရသူ ၁၃၀၀၀ ကျော် ရှိလာ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၇၁၉ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၃,၀၂၄ ယောက်ထိ ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မတ် ၂၉ ရက်အထိ အေအေပီပီက ကောက်ယူ မှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၉,၉၈၄ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၈၈၃ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၅၂ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။
ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁,၉၇၄ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ယောက် အပါအဝင် ၁၁၈ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၉၁ ယောက် ရှိပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၈ ရက်မနက် ၈ နာရီလောက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ လက်ပုကန်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ်အတွင်းမှာ ရှိနေတဲ့ အသက် ၄၅ နှစ်အရွယ် ဦးဝင်းဌေးဟာ ဝမ်းဗိုက်၊ ပေါင်နဲ့ လက်ကောက်ဝတ်တို့ကို ထိမှန်ကာ နေရာတင် ကျဆုံးသွားခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် မကွေးနည်းပညာတက္ကသိုလ်၊ မြို့ပြအင်ဂျင်နီယာ ဘာသာရပ်၊ ဒုတိယနှစ် ကျောင်းသားတယောက်ဖြစ်တဲ့ ကိုလျှံဖြိုးအောင်ကို မကွေးထောင်တွင်းတရားရုံးက ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ မတ် ၂၈ ရက်မှာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ကြောင်း သိရပါတယ်။ ကိုလျှံဖြိုးအောင်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ် ၂၇ ရက်က ပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ စစ်အုပ်စုရဲ့ ပစ်ခတ်ဖမ်းဆီးခံခဲ့ရတာဖြစ် ပြီး မျက်လုံးတစ်ဖက် ကွယ်ခဲ့ကာ ညာဘက်လက်ပြတ်ခဲ့တာ ဖြစ်ပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။