ချာနိုဘိုင်း နျူကလီးယား ကပ်ဘေးသင့်ဒေသတွင် ရုရှားစစ်သားများ အကာအကွယ်မပါဘဲ သွားလာနေ

ယူကရိန်းရဲ့ ချာနိုဘိုင်း နျူကလီးယား ကပ်ဘေးသင့်ဒေသကို သိမ်းပိုက်ထားတဲ့ ရုရှား စစ်သားတွေဟာ ဓာတ်ရောင်ခြည် အကာအကွယ်မပါဘဲ အဆိပ်သင့်နှုန်းမြင့်တဲ့ဇုန်ကို ဖြတ်ပြီး သံချပ်ကာယာဉ်တွေကို မောင်းနေကြပါတယ်။
ရေဒီယိုသတ္တိကြွဖုန်တွေကို ထောင်းထောင်းထအောင် လုပ်နေကြတယ်လို့ လုပ်ငန်းခွင်ထဲက လုပ်သားတွေက ပြောပါတယ်။
ယာဉ်တန်းက စစ်သားတွေဟာ ဘယ်လို ဓာတ်ရောင်ခြည်ကာတဲ့ ဝတ်စုံကိုမှ မသုံးခဲ့ဘူးလို့ သတင်းရင်းမြစ် နှစ်ရပ်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
သူတို့ ရှူသွင်းလိုက်တဲ့ ရေဒီယိုသတ္တိကြွဖုန်တွေဟာ သူတို့ခန္ဓာကိုယ်ထဲ ရောက်ရင် ဓာတ်ရောင်ခြည်တွေ ဖြစ်လာနိုင်စရာရှိလို့ ဒါဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေနေတာနဲ့ တူတယ်လို့ ချာနိုဘိုင်းက ဝန်ထမ်းနောက်တယောက်က ပြောပါတယ်။
အကြီးစားစစ်သုံးယာဉ်တွေက မြေကြီးကို အနှောင့်အယှက် ဖြစ်စေတဲ့အတွက် ချာနိုဘိုင်း ဇုန်ထဲက ဓာတ်ရောင်ခြည်အဆင့် တိုးလာတယ်လို့ ယူကရိန်းအစိုးရ နျူကလီးယား စစ်ဆေးရေးဌာနက ဖေဖော်ဝါရီ ၂၅ ရက်တည်းက ပြောခဲ့ပါတယ်။ ဒါပေမဲ့ ခုချိန်ထိ ဖြစ်ပျက်ခဲ့သမျှ အသေးစိတ် အချက်အလက်တွေ ထွက်မလာသေးပါဘူး။
ပြန်လည်တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဥရောပဘဏ်ရဲ့ နျူကလီးယား ဘေးကင်းရေးဌာန ညွှန်ကြားရေးမှူး ဘယ်သာစာ လင်ဒေါင်ဝါကတော့ ဒေသတွင်း ရုရှားတပ်တွေရဲ့ လုပ်ရပ်တွေဟာ မဆင်မခြင်လုပ်ရာ ကျတယ်လို့ ရိုက်တာသတင်းဌာနနဲ့ လူတွေ့မေးမြန်းခန်းမှာ မတ် ၂၈ ရက်က ပြောခဲ့ပါတယ်။