close

ဘားအံမြို့နယ် Star Hight ဓာတ်ဆီဆိုင်ရှေ့ ဗုံးပေါက်ကွဲ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာ၊ ဘားအံ-သထုံ ကားလမ်းဘေး၊ တန် ၉၀၀ ဘိလပ်မြေစက်ရုံအနီးက Star Hight စက်သုံးဆီဆိုင်ရှေ့မှာ မတ် ၃၀ ရက် ဒီမနက် ၁၁ နာရီခွဲလောက်က ဗုံးတလုံး ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့ ဆီဆိုင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေ ရောက်လာပြီး လမ်းမကြီးအတိုင်း ဖြတ်သန်းသွားလာနေတဲ့ ဆိုင်ကယ်နဲ့ ကားတွေကို သေနတ်နဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

မြိုင်ကလေးဒေသခံတဦးက "အသံဗုံးကွဲတာပါ။ ဆီဆိုင်အရှေ့မှာ လမ်းဘေးနားကွဲတာ။ ဒါပေမဲ့ စစ်ကောင်စီ လုံခြုံရေးတွေက ရောက်တာနဲ့ သေနတ်နဲ့ လိုက်ပစ်နေတယ်။ သွားမကြည့်ရဲဘူး" လို့ ပြောပါတယ်။

အဆိုပါ ပစ်ခတ်သံ ထွက်ပေါ်ပြီးနောက် လူတချို့ ဖမ်းဆီးခံထားရတယ်လို့ သိရပြီး ဘားအံမြို့အဝင် သံလွင်တံတား အဖွဲ့စုံစစ်ဆေးရေးဂိတ်မှာ လုံခြုံရေးတင်းကျပ်ထားကာ စစ်ဆေးမှုတွေ ပိုမိုလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပြည်နယ်ရုံးစိုက်ရာ ဘားအံမြို့နယ်အတွင်း လုံခြုံရေးတင်းကျပ်ထားသလို စစ်ဆေးမှုတွေ နေ့စဉ်ပြုလုပ်နေတဲ့ကြားက မကြာခဏ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားနေပါတယ်။

အခု ဗုံးပေါက်ကွဲခဲ့တဲ့ ဆီဆိုင်ဟာ စစ်တပ်ပိုင်ဆီဆိုင်လို့အများကပြောနေကြပေမဲ့   မည်သူပိုင်ဆိုင်တယ်ဆိုတာ တိတိကျကျ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ မတ် ၂၄ ရက် ညနေ ၅ နာရီလောက်ကလည်း ဘားအံမြို့၊ အမှတ် ၆ ရပ်ကွက် (ပြည်ထောင်စု) အနီးက တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၁ တပ်ခြံစည်းရိုးအနီးမှာ ဗုံးတလုံး ပေါက်ကွဲခဲ့သလို မတ် ၁၇ ရက်နေ့ကလည်း ဘားအံမြို့အဝင် သံလွင်တံတားနားက အဖွဲ့စုံ စစ်ဆေးရေးဂိတ်အနီး  ဗုံးတလုံးပေါက်ကွဲခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up