ထိုင်းတောင်ပိုင်းတွင် ရဲကား ၁ စီး ဗုံးခွဲတိုက်ခိုက်ခံရ၊ ရဲ ၂ ဦးသေဆုံး ၂ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံတောင်ပိုင်း၊ ယလားခရိုင်၊ ဘန်နန်ဆဒါးမြို့နယ်ထဲမှာ မတ်လ ၂၀ ရက် ဒီကနေ့မနက်က ရဲကား ၁ စီး ဗုံးခွဲတိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရသွားတယ်လို့ ထိုင်းရဲရုပ်သံသတင်းမှာ ဖော်ပြပါတယ်။
အဆိုပါ ရဲဝန်ထမ်း ၄ ဦးဟာ ဘန်နန်ဆဒါးနယ်မြေ ရဲတပ်ဖွဲ့ကဖြစ်ပြီး ဒီမနက် ၁၀ နာရီကျော်လောက်က ယာဉ်တိုက်မှု ကျူးလွန်တဲ့ တရားခံတယောက်ကို သွားရောက်ဖမ်းဆီးစဉ် ပါကျော့အုပ်စု ဘန့်ဘော်ကျေးရွာအနီး လမ်းဘေးတနေရာမှာ ဗုံးထောင်တိုက်ခိုက် ခံရတာ ဖြစ်ပါတယ်။
ဗုံးကွဲမှုကြောင့် အသက် ၄၇ နှစ်ရွယ် ရဲအရာခံဗိုလ် ၁ ဦးနဲ့ အသက် ၂၉ နှစ်ရွယ် ရဲတပ်ကြပ်ကြီး ၁ ဦးတို့ ပွဲချင်းပြီး သေဆုံးပြီး ရဲတပ်ကြပ်ကြီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အခင်းဖြစ်တဲ့ နေရာတဝိုက်ကို တာဝန်ရှိသူတွေ လာရောက်စစ်ဆေးပြီး ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီးကလည်း တာဝန်ထမ်းဆောင်ရင်း ကျဆုံး၊ ဒဏ်ရာရသူတွေအတွက် ဝမ်းနည်းကြောင်းနဲ့ ကျန်ရစ်သူ မိသားစုဝင်တွေကို အားပေးနှစ်သိမ့်တာ၊ နစ်နာကြေး ထောက်ပံ့တာတွေကို အမြန်ဆုံးဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။