မအူပင်မြို့တွင် စစ်ကောင်စီလက်အောက်ခံရဲများ လောင်းကစားဝိုင်း ပြုလုပ်နေ

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ စစ်ကောင်စီလက်အောက်ခံ ရဲတွေက လောင်းကစားဝိုင်းတွေကို မဖမ်းတဲ့အပြင် ဦးဆောင်ပြုလုပ်နေတယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက လောင်းကစားဝိုင်းတွေကို လိုင်းကြေးတောင်းပြီး ဖွင့်ခိုင်းတာတွေရှိပေမယ့် မတ်လပိုင်းက စတင်ကာ ကိုယ်တိုင်ပါဝင်ပြုလုပ်လာကြတာလို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့က အမှန်တည့်မတ်ထိန်းကျောင်းပြီး ဖမ်းရမယ့်သူတွေ၊ ခုကတော့ ဦးဆောင်ပြီးတော့ ဝိုင်းလုပ်နေတာ။ ဘုရားပွဲမှာ ပါမစ်ရသလိုဖြစ်နေပြီ၊ ဖဲဝိုင်းလုပ်တာပိုများတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ရေလဲရဲကင်းစခန်းက ရဲတပ်သား မိုးကျော်သူ(ခ)မှုံဝါး ဆိုသူဟာ ကျေးရွာတွေမှာ လောင်းကစားဝိုင်း ဦးဆောင်ပြုလုပ်တဲ့အထဲမှာ အဆိုးဆုံးလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ဝင်အများစုဟာ ကင်းစောင့်ချိန်ကလွဲပြီး ရွာတွေထဲမှာ လောင်းကစားဝိုင်းပြုလုပ်လေ့ရှိပြီး အများစုက ဖဲဝိုင်းထောင်တာများတယ်လို့ ဒေသခံအများစုက ပြောဆိုပါတယ်။
မအူပင်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက အရာရှိတွေနဲ့ ရဲစခန်းမှူးအပါဝင် ဝန်ထမ်းတွေကို ပိုက်ဆံပေးပြီး လောင်းကစားဝိုင်း ပေါ်ပေါ်တင်တင် ပြုလုပ်လာတာလို့ သိရပါတယ်။