အုပ်စုတက်ရေး အရင်ဆုံးပစ်မှတ်ထားရမည်ဟု အင်္ဂလန်နည်းပြပြော

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုတက်ဖို့အတွက် အရင်ဆုံးပစ်မှတ်ထားရမယ်လို့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ပြောပါတယ်။
အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားအုပ်စု B မှာ အီရန်၊ အမေရိကန်နဲ့ ဥရောပဇုန်ပလေးအော့ဖ်ဗိုလ်လုပွဲက အနိုင်ရတဲ့အသင်းနဲ့ တွေ့ဆုံမှာပါ။
နည်းပြဆောက်ဂိတ်ကတော့ အုပ်စုအဆင့်ကို အရင်ဆုံးကျော်လွန်အောင် လုပ်ဆောင်ပြီ အသင်းကို တည်ဆောက်သွားရမယ်လို့ မဲခွဲပွဲအပြီးမှာ ပြောပါတယ်။
အီရန်၊ အမေရိကန်အသင်းတွေနဲ့က ယှဉ်ပြိုင်ကစားခြင်း မရှိခဲ့တာ နှစ်အတော်ကြာပြီဖြစ်သလို ပလေးအော့ဖ်ကနေ တက်လာမယ့်အသင်းက ဗြိတိန်ဒါဘီအသင်းဖြစ်လာနိုင်ပြီး အကြောင်းသိအသင်းဖြစ်တယ်လို့ ပြောပါတယ်။
ပလေးအော့ဖ်ဗိုလ်လုပွဲကို ဝေးလ်အသင်းက တက်ရောက်ထားပြီး ပွဲရွှေ့ထားတဲ့ စကော့တလန်နဲ့ ယူကရိန်းပွဲက အနိုင်ရတဲ့အသင်းနဲ့ ကမ္ဘာ့ဖလားဝင်ခွင့်အတွက်ယှဉ်ပြိုင်သွားရမှာပါ။
“ဒီလိုပြိုင်ပွဲတွေကို ချဉ်းကပ်ရာမှာ အုပ်စုအဆင့်ကနေ အရင်ဆုံး စတင်တည်ဆောက်သွားရလိမ့်မယ်။ ကျနော်တို့ရဲ့ ပထမဦးစား ပေးရည်ရွယ်ချက်က အုပ်စုအဆင့်ကို ကျော်လွန်ဖို့ပါပဲ။ အဲဒါပြီးမှ အသင်းကို ဆက်လက်တည်ဆောက်သွားရမယ်။ အမေရိကန်အသင်းမှာဆိုရင် ကစားသမားကောင်းတချို့ပါဝင်တာကြောင့် သူတို့ရဲ့ လုပ်နိုင်စွမ်းကို သိထားပြီး စိတ်ဝင်စားစရာကောင်းလိမ့်မယ်” လို့ အင်္ဂလန်နည်းပြဆောက်ဂိတ်က ပြောပါတယ်။
အင်္ဂလန်အသင်းဟာ အမေရိကန်နဲ့ နောက်ဆုံး ၁၁ ပွဲမှာ ၈ ပွဲအနိုင်ရခဲ့ပေမယ့် ကမ္ဘာ့ဖလား သမိုင်းမှာတော့ ၁၉၅ဝ ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး ၂၀၁၀ ပြိုင်ပွဲမှာသရေကျခဲ့ပါတယ်။