ချန်ပီယံလိဂ်တွင် နည်းဗျူဟာနှင့်ပတ်သက်ပြီး အတွေးများလွန်းခဲ့ကြောင်း ဂွါဒီယိုလာ ပြော

ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားကွက်နည်းဗျူဟာတွေနဲ့ ပတ်သက်ပြီး အတွေးများလွန်းခဲ့တာ မှန်ကန်ကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောပါတယ်။
မန်စီးတီးအသင်းဟာ ဒီကနေ့ညမှာ စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ်နဲ့ အီတီဟတ်ကွင်းမှာ ကွာတားဖိုင်နယ်ပထမအကျော့ ပွဲစဉ် ယှဉ်ပြိုင်သွားရမှာပါ။
အဲဒီပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မိုက်မဲတဲ့ နည်းဗျူဟာတွေ လုပ်ဆောင်ရတာကို နှစ်သက်ပြီး ကစားကွက်နဲ့ ပတ်သက်ပြီး အတွေးများလွန်းခဲ့ကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။
“ချန်ပီယံလိဂ်မှာဆိုရင် ကျနော်က အမြဲတမ်း အတွေးများလွန်းပါတယ်။ အများကြီး တွေးတယ်။ ဒါကြောင့်လည်း ရလဒ်ကောင်းတွေ ရခဲ့တယ်။ အတွေးများလွန်းတာကို နှစ်သက်ပြီး မိုက်မဲတဲ့ နည်းဗျူဟာတွေ လုပ်ဆောင်ရတာကိုလည်း သဘောကျပါတယ်။ ဒီကနေ့ညမှာ စိတ်ဓာတ်လှုံ့ဆော်မှုရယူပြီးရင် မနက်ဖြန်ပွဲစဉ်မှာ ကောင်းမွန်တဲ့ နည်းဗျူဟာတခု ထွက်ပေါ်လာပါလိမ့်မယ်။ ကျနော်တို့အသင်းအနေနဲ့ ၁၂ ယောက်နဲ့ ကစားသွားပါမယ်။”
နည်းဗျူဟာပိုင်းနဲ့ ပတ်သက်လို့ ပွဲမတိုင်ခင် အငြင်းအခုံမလုပ်ချင်ဘဲ နှစ်သင်းစလုံးက အနိုင်ရဖို့ ကြိုးပမ်းကြမှာဖြစ်ကြောင်း၊ သူတို့အသင်းနိုင်ရရင် နည်းပြ ဆီမြွန်နီရဲ့နည်းဗျူဟာ မှန်ကန်ပြီး မန်စီးတီး အနိုင်ရရင် သူ့ရဲ့နည်းဗျူဟာ မှန်ကန်လိမ့်မယ်လို့လည်း နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။