ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့တွင် မန်စီးတီးနှင့် လီဗာပူး အနိုင်ရ (ရုပ်သံ)

ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွေကို မနေ့ညက စတင်ယှဉ်ပြိုင်ရာ ပရီးမီးယားလိဂ် ကလပ်အသင်းနှစ်သင်းဖြစ်တဲ့ မန်စီးတီးနဲ့ လီဗာပူးတို့ အသီးသီး အနိုင်ရသွားပါတယ်။
မန်စီးတီးနဲ့ စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ်တို့ ပွဲစဉ်မှာ မန်စီးတီးက မိနစ် ၇၀ မှာ ဒီဘရိုင်းသွင်းတဲ့ တလုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့တာပါ။
မန်စီးတီးအသင်းဟာ တိုက်စစ်မှာ စတာလင်၊ မာရက်ဇ်၊ ဘာနာဒိုဆေးလ်ဗား၊ အလယ်တန်းမှာ ဒီဘရိုင်း၊ ရိုဒရီ၊ ဂန်ဒိုဂန်၊ နောက်တန်းခံစစ်မှူးတွေအဖြစ် ကန်ဆယ်လို၊ ဂျွန်စတုန်းစ်၊ နာပေါ့တ်၊ နာသန်အကီနဲ့ ဂိုးသမားအဖြစ် အီဒါဆန်တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။
အက်သလက်တီကိုကတော့ နာမည်ကြီးတိုက်စစ်မှူး ဆွာရက်ဇ်ကို အရန်ခုံမှာပဲထားပြီး တိုက်စစ်မှာ ယာအိုဖိလစ်၊ ဂရိဇ်မန်းအတွဲနဲ့ ပွဲထွက်ခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ အိမ်ကွင်းမှာ အနိုင်ရရေး ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ ထိုးဖောက်ခဲ့သလို အက်သလက်တီကိုကလည်း ခံစစ်အားပြုပြီး တန်ပြန်တိုက်စစ်နဲ့ တုံ့ပြန်ခဲ့တာပါ။
မန်စီးတီးအသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် မိနစ် ၇၀ မှာ ဖိုဒန်ရဲ့ ဖန်တီးပေးမှုကတဆင့် ဒီဘရိုင်းက အပြင်းကန်သွင်းပြီး နိုင်ပွဲရယူပေးခဲ့တာ ဖြစ်ပါတယ်။
မနေ့ညကပဲ ယှဉ်ပြိုင်ခဲ့တဲ့ ပေါ်တူဂီကလပ် ဘင်ဖီကာနဲ့ အင်္ဂလန်ထိပ်သီး လီဗာပူး ပွဲစဉ်မှာတော့ ဧည့်သည် လီဗာပူးအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး နောက်တဆင့်တက်ဖို့ အခြေအနေ ကောင်းသွားပါတယ်။
လီဗာပူးအသင်းဟာ တိုက်စစ်မှာ မာနေး၊ ဆာလက်၊ ဒီယက်ဇ်တို့နဲ့ ပွဲထွက်ခဲ့ပြီး အိမ်ရှင်အသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာ ထိုးဖောက်ကန်သွင်းခွင့် အသာစီးယူနိုင်ခဲ့တာပါ။
လီဗာပူးအတွက် ဂိုးတွေကို ပွဲချိန် ၁၇ မိနစ်မှာ ကိုနာတေး၊ ၃၄ မိနစ်မှာ မာနေးနဲ့ ၈၇ မိနစ်မှာ ဒီယက်ဇ်တို့က သွင်းယူပေးခဲ့ပါတယ်။ ဘင်ဖီကာအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ၄၉ မိနစ်မှာ နူနက်ဇ်က သွင်းယူပေးခဲ့ပါတယ်။
ဒီအသင်းတွေရဲ့ ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တွေကိုတော့ လာမယ့် ဧပြီ ၁၃ ရက်ညမှာ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ကွာတားဖိုင်နယ် ပထမအကျော့ ကျန်ပွဲစဉ်တွေဖြစ်တဲ့ ချဲလ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ်၊ ဗီလာရီးရဲလ်နဲ့ ဘိုင်ယန်မြူးနစ်တို့ ဒီနေ့ည ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။