close

စစ်ကောင်စီကျင်းပမည့် သင်္ကြန်မဏ္ဍပ်များသို့ မလည်ပတ်ရန် တမူး PDF သတိပေး

လာမယ့် သင်္ကြန်ကာလအတွင်း စစ်ကိုင်းတိုင်း တမူးမြို့ပေါ်မှာ စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြှင့် လုပ်ဆောင်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ သင်္ကြန်မဏ္ဍပ်သွားရောက်တာ၊ လူစည်ကားတဲ့ နေရာတွေမှာ ရေကစားတာတွေကို ရှောင်ရှားကြဖို့ တမူး PDF က ဧပြီ ၇ ရက်နေ့မှာ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီက တမူးမြို့မှာ တည်ငြိမ်အေးချမ်းနေသရောင် ဝါဒဖြန့်တဲ့သဘောနဲ့ သင်္ကြန်မဏ္ဍပ်ကြီးနှစ်ခု ဆောက်လုပ်နေပြီး လာမယ့်သင်္ကြန်ပွဲတော်မှာ ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဒါကြောင့် တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း - ၁ အနေနဲ့ စစ်အုပ်စု ဝါဒဖြန့်မှု မအောင်မြင်စေဖို့ ရည်ရွယ်ပြီး သင်္ကြန်ကာလအတွင်း စစ်ရေးလှုပ်ရှားမှုတွေကို အရှိန်မြှင့် လုပ်ဆောင်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ သင်္ကြန်ကာလအတွင်း မဏ္ဍပ်တွေ သွားရောက်လည်ပတ်ပျော်ပါးတာ၊ KTV နဲ့ Private Club တွေမှာ ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်တာ၊ လူစည်ကားတဲ့ နေရာတွေမှာ သွားရောက် ရေဆော့ကစားတာတွေကို အထူးရှောင်ရှားကြဖို့ တမူး PDF က ထုတ်ပြန်လိုက်တာပါ။

တမူးမြို့‌ ဒေသခံတွေအနေနဲ့‌ ရေထွက်ကစားလို့ ဖြစ်လာမယ့် နောက်ဆက်တွဲ ပြဿနာတွေကို တမူး PDF က တာဝန်ယူ ဖြေရှင်းမှာ မဟုတ်ဘူးလို့လည်း တမူး PDF တာဝန်ခံတဦးက ပြောပါတယ်။

ဒီနေ့ ဧပြီ ၇ ရက်နေ့ကလည်း တမူးမြို့ပေါ်မှာ တကျော့ပြန် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ဆန္ဒပြသပိတ်ပွဲတွေ ဆင်နွှဲခဲ့ကြပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up