close

ဆောမြို့မရဲစခန်းနှင့် ဆက်သွယ်ရေးရုံး ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

မကွေးတိုင်းရှိ ဆောမြို့မရဲစခန်းနဲ့ ဆက်သွယ်ရေးရုံးကို ဒီနေ့ ဧပြီ ၈ ရက် မနက်ပိုင်းက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယောဒေသအခြေစိုက် ဒရုန်းနဲ့ လက်နက်နည်းပညာအဖွဲ့က ပြောပါတယ်။

လူသူလက်နက်အင်အား ကွာတာကြောင့် အဝေးပစ်လက်နက်တွေနဲ့ပဲ တိုက်ခိုက်နေရပေမယ့် အထိရောက်ဆုံးဖြစ်အောင် ကြိုးစားနေတယ်လို့လည်း ဒရုန်းနဲ့ လက်နက်နည်းပညာအဖွဲ့ တာဝန်ခံက ပြောပါတယ်။

“ရဲစခန်းမှာက ရဲကင်းစခန်းထိတယ်။ လူထိခိုက်တဲ့ အခြေအနေကတော့ မသိရသေးပါဘူး။ ဆက်သွယ်ရေးရုံးမှာက ဆိုလာပြားကို ထိတယ်။ သူတို့က CDM မလုပ်လို့ သတိပေးတာပါ။ အခုပစ်တာက ကိုယ်ပျောက် ရှော့တိုက်ဒုံးလို့ ကျနော်တို့ နာမည်ပေးထားတယ်။ ပစ်လိုက်တဲ့အသံကို မကြားရဘူး။ ဘယ်ကလာမှန်းလည်း မသိရဘူး။ ပစ်မှတ်ကိုထိပြီး ကွဲမှပဲ အသံကြားရတာ။”

သူတို့အဖွဲ့အနေနဲ့ လက်နက်တွေ စမ်းသပ်ထုတ်လုပ်ပြီး အောင်မြင်တဲ့ နည်းပညာတွေကိုလည်း တခြား ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို မျှဝေပေးတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ မဟာဗျူဟာမြောက် လက်နက်ထုတ်ဖို့ ရှိတယ်။ အကွာအဝေး ၇ မိုင်အထိ ရောက်မယ်လို့ တွက်ချက်ထားပါတယ်။ တာဝေးပစ်တွေက ကိုယ့်ရဲ့ အင်အားဆုံးရှုံးမှုလည်း နည်းတယ်။ လက်လုပ်လက်နက်တွေကလည်း တကယ်ထိရောက်မှု ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့အတွက် အကြီးဆုံး အခက်အခဲကတော့ ရန်ပုံငွေပါ။ ထုတ်လုပ်ရေးပစ္စည်း အစုံအလင် လိုတယ်။ စမ်းသပ်ဖို့အတွက်လည်း ငွေလိုပါတယ်”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up