မုံရွာမြို့နယ်က ကျေးရွာနေအိမ်အချို့ကို စစ်ကောင်စီတပ်မီးရှို့ပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောင်းစုကျေးရွာကို စစ်ကောင်စီတပ်သားတွေ ဧပြီ ၈ ရက်နေ့ ည ၈ နာရီခွဲလောက်မှာ ဝင်ရောက်လာပြီး နေအိမ်တချို့ကို မီးရှို့ကာ လူ ၂ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကျောင်းစုကျေးရွာကို မုံရွာ-မန္တလေး အမြန်လမ်းမကြီးဘေး ကူတောပလ္လင်-ထနောင်းတောတောင်ရွာ ကျေးရွာချင်းဆက်လမ်းကနေ မုံရွာ-အမြင့်လမ်းကို ဖြတ်ကာ ကျောင်းစုကျေးရွာကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ မုံရွာ-အမြင့်လမ်းတလျှောက် လာရောက်စဉ် ဒေသခံ PDF တွေရဲ့ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ကျောင်းစုကျေးရွာမှာ ပြည်သူပိုင်နေအိမ်တလုံးကို ဝင်ရောက် မွှေနှောက် သေနတ်တွေ ပစ်ဖောက် မီးရှို့ခဲ့သလို ကျေးရွာသားနှစ်ယောက်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
နေအိမ်မီးရှို့ခံရသူတဦးက “အိမ်ခြံဝန်းထဲမှာတော့ တဲအိမ်နှစ်လုံးနဲ့ အိမ်မကြီး တလုံးရှိတယ်။ ၃ အိမ်စလုံး မီးရှို့သွားတယ်။ အိမ်ထဲမှာရှိတဲ့ ပစ္စည်းတွေ အကုန်မီးထဲပါသွားတယ်၊ TV တွေရောပေါ့။ ဆိုင်ကယ်ကတော့ ၄ စီး မီးထဲပါသွားတယ်။ ခုလိုဖြစ်တာနဲ့ပက်သက်ပြီးတော့ ဘာမှကို ပြောချင်စိတ်မရှိတော့ပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
ကျောင်းစုကျေးရွာက ပြည်သူပိုင်နေအိမ်ကို မီးရှို့ပြီး ည ၁၂ နာရီလောက်မှာ မုံရွာ-နမခ တပ်တွင်းကို ပြန်ကြတဲ့ စစ်ကောင်စီတပ်တွေဟာ အပြန် မုံရွာ-အမြင့်လမ်းတစ်လျှောက်မှာလည်း ဒေသခံ PDF တွေရဲ့ မိုင်းဆွဲတိုက်ခိုက်တာ ထပ်မံခံခဲ့ရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်တွေက ရမ်းသမ်းပစ်ခတ်ခဲ့ရာ မုံရွာ-အမြင့်လမ်းနဘေးရှိ ဘုန်းကြီးကျောင်းတကျောင်းနဲ့ နေအိမ်နှစ်လုံးရဲ့ အိမ်ခေါင်မိုးတွေ ကျည်ဆန်ထိမှန်ခဲ့ပါတယ်။
စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးတလုံးဟာလည်း မပေါက်ကွဲဘဲ ကျန်ရှိခဲ့တာကြောင့် ဒေသခံ PDF တပ်ဖွဲ့တဖွဲ့က ဖျက်ဆီးရှင်းလင်းခဲ့တယ်လို့ သိရှိရပါတယ်။
အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေ အထိအခိုက် အကျအဆုံးကိုတော့ မသိရှိရသေးဘူးလို့ ဒေသခံ PDF တပ်ဖွဲ့တဖွဲ့က ပြောပါတယ်။