close

ထိုင်း ဆုန်ကရန်သင်္ကြန်ပွဲတော်အစ တရက်တည်း ၄၇ ဦးသေ၊ ၂၉၂ ဦး ထိခိုက်ဒဏ်ရာရ

ထိုင်းနိုင်ငံ ဆုန်ကရန်သင်္ကြန်ပွဲတော်ကာလတွင်းမှာ ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက် တရက်တည်းမှာတင် လမ်းမတွေပေါ် ယာဉ်မတော်တဆမှု ၃၀၁ မှုနဲ့ လူပေါင်း ၄၇ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၂၉၂ ယောက်ရှိခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။

သေဆုံးနှုန်းဟာ အစိုးရထုတ်ပြန်ချက်ထက် မြေပြင်အခြေအနေမှာ ပိုပြီးတော့ များပြားနိုင်ကြောင်းနဲ့ ယာဉ်မတော်တဆမှုတွေအားလုံးရဲ့ အဓိက အကြောင်းရင်းတွေထဲမှာ မူးယစ်သောက်စားပြီး အရှိန်မြှင့်မောင်း နှင်တာတွေကြောင့် ဖြစ်နေဆဲဖြစ်တယ်လို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် နီရတ် ဖောင်ဆီသစ်ထာဗွန်က ပြောပါတယ်။

ခုထုတ်ပြန်လိုက်တဲ့ ကိန်းဂဏန်းတွေကိုတော့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနဲ့ လျော့ပါးသက်သာစေရေး ဦးစီးဌာနနဲ့ သက်ဆိုင်ရာ အေဂျင်စီတွေက နေ့စဉ် အစီရင်ခံစာတွေကတဆင့် စုစည်းထားတာဖြစ်တယ်လို့ ၂၀၂၂ ခုနှစ် သင်္ကြန်ပွဲတော်ကာလအတွင်း ယာဉ်မတော်တဆမှု တားဆီးကာကွယ်ရေးနဲ့ လျှော့ချရေးဗဟိုဥက္ကဋ္ဌလည်းဖြစ်တဲ့ နီရတ်က ပြောပါတယ်။

ထိုင်းနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး သုတေသနဌာနနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တွေရဲ့ အဆိုအရ ထိုင်းမှာ တနေ့ကို ပျမ်းမျှ လူ ၅၆ ယောက်ဟာ ယာဉ်မတော်တဆမှုတွေကြောင့် သေဆုံးနေရတယ်လို့ ဆိုပါတယ်။

မတော်တဆမှုတွေထဲမှာတော့ အရှိန်လွန်မောင်းနှင်တာက ၃၆ ဒသမ ၈၈ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး သူ့နောက်မှာတော့ အရက်သောက်ပြီး မောင်းနှင်တာက ၂၅ ဒသမ ၂၅ ရာခိုင်နှုန်းနဲ့ ဒုတိယအများဆုံး ဖြစ်နေ တယ်လို့ အစိုးရ သတင်းအချက်အလက်တွေအရ သိရပါတယ်။

ဒါ့အပြင် ဒီမတော်တဆမှုတွေထဲမှာ ဆိုင်ကယ် ၇၉ ဒသမ ၉၄ ရာခိုင်နှုန်း၊ ပစ်ကပ်ကား ၉ ဒသမ ၉၇ ရာခိုင်နှုန်းပါဝင်နေပြီး မတော်တဆမှုတွေရဲ့ ၄၀ ဒသမ ၂ ရာခိုင်နှုန်းကတော့ လမ်းမကြီးတွေပေါ်မှာ ဖြစ်ပွားခဲ့တာ လို့ ဆိုပါတယ်။

ခွန်ကရန်ဒေသကတော့ မတော်တဆမှု ၁၄ မှုနဲ့ အများဆုံးဖြစ်နေပြီး သေဆုံးမှုမှာလည်း ခွန်ကရန်နဲ့ နခွန်ဆီသမာရတ်တို့က ၁၂ ယောက်စီနဲ့ အများဆုံး ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ယာဉ်ပေါင်း ၄ သိန်းကျော်ကို လုံခြုံရေးစီမံချက်နဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ရာမှာ ၇၂,၀၀၀ ကျော်ဟာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး ၂ သောင်းကျော်က လိုင်စင်မရှိပဲ မောင်းနှင်တာ တွေ့ရှိရသလို နောက်ထပ် ၂ သောင်းကျော်ကတော့ ဆိုင်ကယ်မောင်းနှင်ချိန်မှာ ဆိုင်ကယ်စီးဟဲလ်မက်ဦးထုပ်ဆောင်းတာမျိုး မရှိတာတွေ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်ကနေ ၁၇ ရက်အထိ ဆုန်ကရန်သင်္ကြန်ပွဲတော်ကို ကျင်းပနေပြီး အဲဒီ ၇ ရက်ကို နိုင်ငံရဲ့ ယာဉ်အန္တရာယ်အများဆုံး ၇ ရက်အဖြစ် သတ်မှတ်ထားကာ ခု ၂ ရက်အတွင်းမှာတင် မတော်တဆမှု ၅၃၈ မှုနဲ့ ၇၃ ယောက်သေဆုံးခဲ့ပြီဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိသူပေါင်း ၅၃၀ ထိ ရှိနေခဲ့ပြီလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up