ပေါက်မြို့နယ်က အမျိုးသား ၁ ဦးကို စစ်ကောင်စီ ဖမ်းဆီး

မကွေးတိုင်း ပေါက်မြို့နယ်မှာ ဧပြီ ၁၃ ရက်နေ့ မနက်ပိုင်းက အမျိုးသားတယောက်ကို စစ်ကောင်စီတပ်တွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပေါက်မြို့နယ် ကုက္ကိုစုရွာက ကိုဖြိုးမောင်အား PDF တပ်ဖွဲ့ကို သတင်းပေးပြီး ဆန်ရိက္ခာနဲ့ ငွေကြေးတွေ ထောက်ပံ့တယ်လို့ စွပ်စွဲကာ စစ်ကောင်စီတပ်တွေက ဧပြီလ ၁၃ ရက်နေ့ မနက် ၁၁ နာရီလောက် လာရောက်ဖမ်းဆီးသွားတာလို့ ကုက္ကိုစုရွာခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ သိသလောက်ကတော့ သူက ရွာမှာ အေးအေးဆေးဆေးပဲ တောင်သူလုပ်ငန်း လုပ်ကိုင်တာဗျ။ PDF တွေနဲ့ ဆက်သွယ်တာလည်း မကြားမိဘူး။ စစ်ကောင်စီတပ်တွေက အပြစ်မဲ့ပြည်သူကို မတရားဖမ်းဆီးတာပဲ။”
ဖမ်းဆီးခံရတဲ့ ကိုဖြိုးမောင်အား ပေါက်မြို့မရဲစခန်းကို ခေါ်ဆောင်သွားကြပြီး မိသားစုနဲ့ ဆက်သွယ်ခွင့် မပေးသေးဘူး။ ပေါက်မြို့နယ်အတွင်း အဖမ်းခံရတဲ့ သူတွေကို ပခုက္ကူကို ပို့ဆောင်ပြီး စစ်ကြောရေးလုပ်တယ်လို့ သိရတယ်လို့ ပြောပါတယ်။
ပေါက်မြို့နယ်တောင်ပိုင်း ဝန်ခြုံးရွာက စစ်ဘေးရှောင်ပြည်သူတွေဖြစ်တဲ့ CDM ကျောင်းဆရာ ကိုမျိုးလင်းနိုင် အပါအဝင် ကိုစန်းလင်းမောင်၊ ကိုနေအောင်၊ ကိုညိုသန်း၊ ကိုဝေထွန်း၊ ကိုဖိုးဇော်၊ ကိုဝင်းဘို၊ ကိုထွန်းဆင့်၊ ကိုမင်းဇော်နိုင်၊ ကိုမောင်လင်းနဲ့ ကိုဖိုးဖြူတို့ ၁၁ ယောက်ကိုလည်း ပြီးခဲ့တဲ့နှစ်အောက်တိုဘာ ၁၉ ရက်နေ့က အိုင့်ကျယ်ရွာမှာ စစ်ကောင်စီတပ်တွေ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ ဝန်ခြုံးရွာက စစ်ဘေးရှောင်ပြည်သူ ၁၁ ယောက်ကို ပခုက္ကူ ရဲစခန်းမှာ စစ်ကြောရေးပြုလုပ်ပြီး ပခုက္ကူအကျဉ်းထောင်ကို ပို့ဆောင်ထားပြီး ဒီနေ့အချိန်ထိ ပြန်မလွတ်သေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ပေါက်မြို့နယ်တောင်ပိုင်းကို စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်ကာ ကျေးရွာတွေကို တရွာဝင်တရွာထွက် မီးရှို့ဖျက်ဆီးပြီး အပြစ်မဲ့ ပြည်သူတွေကို ပစ်ခတ် ဖမ်းဆီးနေတာကြောင့် ဒေသခံပြည်သူ ၁၀၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။