close

သီရိလင်္ကာသမ္မတအိမ်တော်ရှေ့တွင် သံဃာတော်များ ဆန္ဒပြ

သီရိလင်္ကာနိုင်ငံမှာ စင်ဟာလာနဲ့ တမီလ်လူမျိုးတွေရဲ့  ဗုဒ္ဓဘာသာ နှစ်သစ်ကူး ရက်မြတ်ကာလအတွင်း သံဃာတချို့ဟာ သမ္မတအိမ်တော်ရှေ့မှာ နွားနို့ကျိုပွဲ ပြုလုပ်ပြီး သမ္မတ ဂိုတာဘယာကို ဆန္ဒပြခဲ့ကြပါတယ်။

နွားနို့ကျိုတာဟာ သီရိလင်္ကာရိုးရာအရ နှစ်သစ်မင်္ဂလာကို ကြိုဆိုတာဖြစ်ပေမဲ့ အခုနှစ်သစ်မှာတော့ သမ္မတဂိုတာဘယာ ပြုတ်ကျစေဖို့ ဆန္ဒပြတာဖြစ်ပြီး လူအများအပြားကလည်း သံဃာတွေကို လာရောက်ဝန်းရံ ဆန္ဒပြခဲ့ပါတယ်။

သမ္မတအိမ်တော်ရှေ့မှာ နွားနို့ကျိုနေတဲ့ ဘုန်းကြီး ဝီရိယစန္ဒရာသီရိက “သမ္မတရဲ့ ညံ့ဖျင်းမှုကြောင့် တိုင်းပြည်စီးပွားရေး ဘေးကျပ်နံကျပ်နဲ့ ဆင်းရဲသွားတယ်။ အခုနှစ်သစ်ကို လမ်းပေါ်မှာ သူတောင်းစားလို ပုံစံမျိုးနဲ့ သမိုင်းမှာ ပထမဆုံး စတင်တာပါ။ ရည်ရွယ်ချက်ကတော့ မကြာခင် သမ္မတသစ်နဲ့ နိုင်ငံသစ် စတင်ဖို့ပါ” လို့ ပြောပါတယ်။

ဆန္ဒပြနေတဲ့ သံဃာတော်တွေဆီကို ကက်သလစ်ဘုန်းတော်ကြီးတွေ၊ အစ္စလာမ် ဘာသာရေးခေါင်းဆောင်တွေလည်း လာရောက် ပူးပေါင်းကြပါတယ်။

စင်ဟာနဲ့ တမီလ်လူမျိုးတွေဟာ အိမ်တွေမှာ နွားနို့ကျိုတာကို မင်္ဂလာတပါးလို့ ယူဆကြပြီး နွားနို့ဆန်ပြုတ်နဲ့အတူ ပေါင်မုန့်၊ ကိတ်မုန့်နဲ့ သစ်သီးတွေ ဝေငှလှူဒါန်းကြပါတယ်။

သီရိလင်္ကာဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက အဆိုးဆုံး စီးပွားရေး အကျပ်အတည်း ကြုံနေရပြီး အခုနှစ်သစ်မှာ တိုးတက်ကောင်းမွန်ဖို့ လူထုက မျှော်လင့်နေကြတာ ဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up