ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီးကို ၃ နှစ်စာချုပ်ဖြင့်ခေါ်ယူရန် ဘာစီလိုနာ ကြိုးပမ်း

ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီးကို ၃ နှစ်စာချုပ်နဲ့ခေါ်ယူဖို့ ဘာစီလိုနာအသင်းက အဆင်သင့်ရှိနေတယ်လို့ သိရပါတယ်။
အသက် ၃၃ နှစ်ရှိ ပိုလန်တိုက်စစ်မှူးဟာ ဘိုင်ယန်မြူးနစ်နဲ့ ၁ နှစ်စာချုပ်သက်တမ်းသာ ကျန်ရှိတော့ပြီး အသင်းကနေ ထွက်ခွာဖို့ အေးဂျင့်ဖြစ်သူကို အသိပေးထားတယ်လို့ စပိန်သတင်းစာ Sport ကဖော်ပြပါတယ်။
ဒီအခြေအနေကို ဘာစီလိုနာအသင်းက စောင့်ကြည့်နေပြီး ၃ နှစ်စာချုပ်နဲ့ ကမ်းလှမ်းသွားဖို့ အဆင်သင့်ရှိနေတယ်လို့ သိရပါတယ်။
လီဝန်ဒေါစကီးရဲ့အေးဂျင့်ဖြစ်သူဟာ အခုတပတ်ထဲမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အပြီးသတ်ဆွေးနွေးဖို့ရှိနေပြီး ကစားသမားရဲ့ဆန္ဒကို တင်ပြဖွယ်ရှိနေပါတယ်။
လက်ရှိအချိန်အထိ ဘာစီလိုနာနဲ့ ဆွေးနွေးမှု မရှိသေးပေမယ့် ကစားသမားဘက်က စိတ်ဝင်စားမှုရှိနေတယ်လို့ Sport က ဖော်ပြပါတယ်။
နည်းပြ ဇာဗီဟာလည်း မက်ဆီ ထွက်ခွာပြီးနောက်မှာ ထိပ်တန်းတိုက်စစ်မှူးတဦးကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
လီဝန်ဒေါစကီးဟာ ဘွန်ဒက်စ်လီဂါသမိုင်းတလျှောက် ဒုတိယ ဂိုးအများဆုံး ကစားသမားဖြစ်ပြီး စုစုပေါင်း ၃၇၉ ပွဲမှာ ၃၀၉ ဂိုး သွင်းယူထားပါတယ်။