တောင်အာဖရိက ရေဘေးအတွင်း သေဆုံး ၄၅၀ ခန့်ရှိလာ

တောင်အာဖရိကနိုင်ငံ၊ ကွာဇူလူနာတယ်လ်ခရိုင်ထဲမှာ ရေဘေးနဲ့ ရွှံ့ပြိုမှုအတွင်း သေဆုံးသူ ၄၄၃ ယောက် ရှိသွားပြီး ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့ ခရိုင်ဝန်က ပြောပါတယ်။
ပျောက်ဆုံးနေသူတွေကို ရဲတွေက အပျက်အစီးတွေကြားထဲမှာ ဆက်လက်ရှာဖွေနေပါတယ်။ စစ်ရဟတ်ယာဉ်တွေလည်း ဘေးသင့်တဲ့ဒေသမှာ ပျံသန်းပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေပါတယ်။
ခရိုင်ဝန် ဆာလီဇီကာလာလာက ရေဘေးအတွင်း လူ ၄၄၃ ယောက် သေဆုံးတာ အတည်ပြုနိုင်ပြီး နောက်ထပ် ၆၃ ယောက် ပျောက်ဆုံးနေတယ်လို့ တနင်္ဂနွေနေ့က ရုပ်မြင်သံကြားမှာ ပြောသွားပါတယ်။
ရေဘေးကြောင့် အိုးအိမ်မဲ့သွားသူတွေလည်း ၄၀,၀၀၀ ဝန်းကျင် ရှိနေပြီး ရေပြတ် မီးပြတ် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
ရေကြီးမှုနဲ့ ကြုံနေရတဲ့ ခရိုင်ထဲက ဒါဘန်ဆိပ်ကမ်းမှာ လုပ်ငန်းတွေ နှောင့်နှေးကုန်ပါတယ်။ ဒါဘန်ဆိပ်ကမ်းဟာ အာဖရိကရဲ့ အကြီးဆုံး ဆိပ်ကမ်းတွေထဲက အခုပါ။
ခရိုင်ထဲမှာ အခြေခံအဆောက်အအုံပိုင်း ပျက်စီးမှု ဒေါ်လာ သန်း ၇၀၀ နီးပါး ရှိနိုင်တယ်လို့ ခရိုင် အစိုးရရဲ့ စီးပွားရေးဌာနက ခန့်မှန်းထားပါတယ်။
ရေဘေးကို အာရုံစိုက်ဖို့အတွက် တောင်အာဖရိကသမ္မတလည်း ဆော်ဒီအာရေဗျ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီး အစိုးရအဖွဲ့အစည်းအဝေး ခေါ်ယူမယ်လို့ သမ္မတရုံးက ပြောပါတယ်။