ယူကရိန်းဆိပ်ကမ်းမြို့ကို ထိန်းချုပ်နိုင်တော့မည်ဟု ရုရှားစစ်တပ်ပြော

ယူကရိန်းအရှေ့တောင်ပိုင်းက ဆိပ်ကမ်းမြို့ တမြို့ဖြစ်တဲ့ မာရီယာပူမြို့ကို မကြာခင်မှာ အပြည့်အ၀ ထိန်းချုပ်နိုင်တော့မယ်လို့ ရုရှားစစ်တပ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
စစ်ဘေးဒဏ်ခံနေရတဲ့ ဒီမြို့မှာ အိမ်တွေ ပျက်စီးပြီး အလောင်းတွေလည်း လမ်းမတွေပေါ် ပြန့်ကျဲနေပါတယ်။
ယူကရိန်း စစ်သားတွေက မြို့ကို ရုရှားတပ်တွေ မသိမ်းနိုင်အောင် ဆက်လက်ခုခံနေဆဲဖြစ်ပြီး ဝန်ကြီးချုပ် ဒန်နစ်ရှမဟာက ရုရှားတပ်တွေ မြို့ကို မထိန်းချုပ်နိုင်သေးဘူးလို့ အေဘီစီသတင်းဌာန ကို ပြောပါတယ်။
စနေနေ့မှာတော့ ရုရှားဘက်က မြို့ရဲ့ ကျေးလက်တွေကို သိမ်းနိုင်ပြီလို့ ပြောခဲ့ပါတယ်။ မာရီယာပူ ဆိပ်ကမ်းမြို့ဟာ ဒွန်းဘက်ဒေသမှာ စစ်ရေးအရ ဗျူဟာမြောက်တဲ့မြို့ ဖြစ်ပါတယ်။
ဒီမြို့ကို ရုရှားတပ်တွေ သိမ်းနိုင်ရင် ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့ ယူကရိန်း အရှေ့ဘက်တကြောနဲ့ ၂၀၁၄ ခုနှစ်ကတည်း ရုရှားက သိမ်းယူထားတဲ့ ယူကရိန်း အပိုင် ခရိုင်းမီးယား ဒေသတို့နဲ့ စစ်ရေးအရ အချိတ်အဆက်မိမှာ ဖြစ်ပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်တဲ့ တလခွဲအတွင်း လူ ၄ သန်းဟာ နိုင်ငံကနေ ထွက်ခွာသွားရပြီး ဖြစ်သလို မြို့တွေဟာလည်း တစပြင်လို့ ဖြစ်ကာ လူထောင်ချီ သေဆုံးပြီ ဖြစ်ပါတယ်။
မာရီယာပူမြို့မှာတင် ယူကရိန်း စစ်သား ၄၀၀၀ ကျော် သေဆုံးသွားပြီးလို့ ရုရှားက စနေနေ့မှာ ပြောပေမဲ့ ယူကရိန်းကတော့ ရုရှားနဲ့ တိုက်နေတဲ့ စစ်ပွဲအတွင်း ယူကရိန်း စစ်သား ၂၅၀၀ နဲ့ ၃၀၀၀ ကြား ကျဆုံးခဲ့ရတယ်လို့ ပြောထားပါတယ်။