close

မတ္တရာတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရသဖြင့် ၂၀ ခန့်သေဆုံး၊ သဖန်းကိုင်းရွာနေအိမ် ၇ လုံး မီးရှို့ဖျက်ဆီး

မန္တလေးတိုင်း မတ္တရာမြို့နယ် သဖန်းကိုင်းရွာ နဲ့ မြောင်သစ်ကျေးရွာအနီးမှာ ဧပြီလ ၁၉ ရက် မနက် ၄ နာရီကျော်လောက်က စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

စစ်ကောင်စီတပ်ယာဉ်တန်းကို မတ္တရာ PDF ၊ နဂါးညီနောင်၊ MDY၊ ဇာမဏီ စတဲ့ အဖွဲ့ ၄ ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၂၀ ဦး သေဆုံးတယ်လို့ ထုတ်ပြန်ထားပါတယ်။

မတ္တရာမြို့နယ်မှာ နေထိုင်သူတဦးက “မနေ့က ခြေတော်ရာဘက်ကနေ သဖန်းကိုင်းကို ရောက်လာတယ်။ သဖန်းကိုင်းမှာ နေအိမ် မီးရှို့တာတွေ လုပ်တယ်။ မနက်ကျတော့ သဖန်းကိုင်းကနေ မြောင်သစ်ဘက်ကို အလာမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာ” လို့ ပြောပါတယ်။

သဖန်းကိုင်းရွာမှာ အင်အား ၅၀ လောက်ပါတဲ့ စစ်ကောင်စီတပ်က မီးရှို့တာကြောင့် နေအိမ် ၇ လုံး မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်အဖွဲ့ဟာ ကျပ်ပြင်ရွာမှာ နေအိမ်တွေကိုလည်း တအိမ်တက်ဆင်း စစ်ဆေးတာတွေလုပ်နေပြီး ရွာသားတွေကို PDF တွေ နေတဲ့နေရာ မေးမြန်းနေတယ်လို့ ဆိုပါတယ်။

သဖန်းကိုင်းရွာ နဲ့ မြောင်သစ်ကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up