close

ပုလဲမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက ရွာမီးရှို့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့စစ်ကြောင်းဟာ သတင်း(သိတင်း)ကျေးရွာကို ဧပြီ ၁၈ ရက် ညနေ ၃ နာရီကျော်က ဝင်ရောက်လာပြီး ကျေးရွာအတွင်း မီးရှို့သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အဲဒီကျေးရွာကိုမီးရှို့နေတဲ့ စစ်တပ်ဟာ မနေ့မနက်ပိုင်းက ဒေသကာကွယ်ရေး MRDA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ LPDF‌ တွေရဲ့ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတဲ့ စစ်တပ်ဖြစ်တယ်လို့  ရွာသားတွေက ပြောပါတယ်။

ဒေသခံရွာသားတစ်ဦးက “ဒီကောင်တွေ ကြွက်မနိုင်လို ကြည်ကိုမီးနဲ့ရှို့တာလို့ပဲပြောရမယ်ဗျ။ ကျနော်တို့ သိရသလောက်ကတော့ မင်းတိုင်ပင်ရွာက ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရင်း ၂၂၂၊ ၃၈၆ ခြေမြန်တပ်ရင်း အင်အား ၁၂၀  လောက်   ကျေးနင်းကြီးရွာ မြောက်ဘက်တက်လာခဲ့တယ်။ အဲဒီအချိန်မှာ ဒီကောင်တွေ အမှတ် ၆ ဆည်ဘောင်အနီး မနက် ၁၀ နာရီလောက်က ပစ်ခတ်သံတွေတော့ကြားရတယ်။ အဲလိုကြားရလို့ အနီးအနားကရွာတွေကလူတွေ အကုန်ဘေးလွတ်ရာကို ပြေးကြရတယ်။ အခုဒီကောင်တွေ ကျနော်တို့ သတင်း-မင်းကန်လို့ခေါ်တဲ့ သတင်းရွာထဲဝင်ပြီး မီးရှို့နေတယ်။” လို့ ပြောပါတယ်။

မီးရှို့ခံရမှုကြောင့် ကျေးရွာအတွင်း ပျက်စီးဆုံးရှုံးအမှု အခြေအနေကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီတပ်ဟာ ပုလဲမြို့နယ်အတွင်း နယ်မြေစိုးမိုးမှုရနိုင်အောင် စစ်ကြောင်းထိုးတာတွေ အပြင်းအထန်ပြုလုပ်နေကာ ရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်၊ ရွာတွေကို မီးရှို့တာ အင်တာနက်နဲ့ တယ်လီဖုန်းလိုင်းတွေကို ဖြတ်တောက်တာတွေ လုပ်ဆောင်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up