ဂြိုဟ်တုဖျက် ဒုံးကျည် စမ်းသပ်ခြင်းမလုပ်ဟု အမေရိကန်ပြော

အမေရိကန်ဟာ ဂြိုဟ်တုဖျက် ဒုံးကျည် စမ်းသပ်တာမျိုးကို လုပ်မှာ မဟုတ်ဘူးလို့ အမေရိကန် အစိုးရက ဧပြီ ၁၈ ရက်မှာ ကြေညာပါတယ်။
ရုရှားက ဂြိုဟ်တုဖျက်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့လို့ နိုင်ငံတကာ အာကာသစခန်းကို အမှိုက်တွေနဲ့ အန္တရာယ်ဖြစ်စေမယ့်အရေးအတွက် လတ်တလောမှာ ဝေဖန်ပြစ်တင်ခဲ့ကြအပြီးမှာ အမေရိကန်က ခုလို ကြေညာလိုက်တာပါ။
အမေရိကန်ရဲ့ ကိုယ့်ကိုယ်ကိုယ် ချမှတ်တဲ့ တားမြစ်ပိတ်ပင်ချက်ကို အမျိုးသားအာကာသကောင်စီ ဥက္ကဋ္ဌ အမေရိကန်ဒုသမ္မတ ကာမာလာဟာရစ်က ကာလီဖိုးနီးယား ပြည်နယ်မှာရှိတဲ့ ဗန်ဒန်ဘာ့ဂ် အာကာသတပ် အခြေစိုက်စခန်းမှာ ကြေညာလိုက်တာပါ။
အမေရိကန်မှာ ပထမဆုံးဖြစ်တဲ့ ဒီကြေညာချက်ဟာ အာကာသကို တာဝန်သိသိသုံးဖို့ အားပေးမြှင့်တင်ရေး ဘိုင်ဒင် အစိုးရရဲ့ ဗျူဟာလည်း ဖြစ်ပြီး တခြားနိုင်ငံတွေလည်း အလားတူ လိုက်နာဖို့ ဟာရစ်က တိုက်တွန်းပါတယ်။
ရုရှားဟာ ကမ္ဘာပတ်လမ်းအနိမ့်ပိုင်းမှာရှိတဲ့ ပျက်စီးနေတဲ့ ဆိုဗီယက်ခေတ်က သူလျှိုဂြိုဟ်တုကို ဂြိုဟ်တုဖျက်ဒုံးကျည်နဲ့ နိုဝင်ဘာ ၁၅ ရက်က ပစ်ချစမ်းသပ်ခဲ့ပါတယ်။
ဒါကြောင့် အမှိုက်စ ၁၆၃၂ ခုထက်မနည်း ဖြစ်ပေါ်ခဲ့တယ်လို့ အမေရိကန် အာကာသတပ်ဖွဲ့ သတင်းအချက်အလက်က ဖော်ပြထားပါတယ်။