close

ထီးမူးထဒေသ တိုက်ပွဲတွင် လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းပျံသန်းမှုကြောင့် ဒေသခံများ ထွက်ပြေး

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေ သင်္ကန်းညီနောင်၊ ထီးမူးထဒေသမှာ ဧပြီ ၁၈ ရက် ည ၁၀ နာရီလောက်က စစ်ကောင်စီ ခမရ ၃၅၅ တပ်၊ BGF ပူးပေါင်းတပ်တွေနဲ့ KNLA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

တိုက်ပွဲအတွင်း သင်္ကန်းညီနောင်ဗျူဟာကုန်းကနေ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ရှိရာကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ကူပေးတာကြောင့် ကျေးရွာအတွင်း ကျရောက်ခဲ့တဲ့အပြင် လေကြောင်းပျံသန်းမှုတွေပါ ဆက်တိုက်လုပ်လာတဲ့အတွက် ဒေသခံတွေ ညတွင်းချင်း ထွက်ပြေး တိမ်းရှာင်ခဲ့ကြရတာပါ။

ထီးမူးထကျေးရွာသားတဦးက “ည ၁၀ နာရီလောက်မှာ တိုက်ပွဲတွေ ဖြစ်တယ်။ ညီနောင်ဗျူဟာကနေ လက်နက်ကြီးနဲ့ ရွာကိုပါပစ်တာ။ ည ၁၂ နာရီလောက်မှာ လေယာဉ်တွေပါ ထပ်လာတော့ ဘယ်သူမှ မနေရဲတော့ဘူး။ ဗုံးကြဲတာ ပစ်တာတော့ မလုပ်သွားဘူး။ ရွာမှာရှိသမျှ လူအကုန်လုံး ညတွင်းချင်း ဘေးလွတ်အောင်ပြေးခဲ့ရတယ်”လို့ ပြောပါတယ်။

အလားတူ ဧပြီ ၁၈ ရက်ညပိုင်းက လေးကေ့ကော်ဒေသမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့သလို ဒီကနေ့ မနက်ကလည်း နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီရဲ့ လေယာဉ်တွေ လေကြောင်းပျံသန်းမှုတွေ လုပ်ဆောင်တာတွေရှိပေမယ့် ဗုံးကြဲတိုက်ခိုက်တာမရှိဘူးလို့ ကေအန်ယူ တာဝန်ရှိသူတဦးက ပြောပါတယ်။

လက်ရှိအခြေအနေမှာလည်း စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေ နှစ်ဘက် အသင့်အနေအထား ရင်ဆိုင်လျက်ရှိပြီး စစ်ကောင်စီတပ်ဘက်က ရှေ့ဆက်တိုးလာပါက တိုက်ပွဲတွေ ပိုမိုပြင်းထန်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဧပြီလ ၁၅ ရက်တာအတွင်း ကေအန်ယူ တပ်မဟာ ၆ နယ်မြေမှာ စစ်ကောင်စီရဲ့တပ်၊ BGF ပူးပေါင်းတပ်တွေနဲ့  KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲပေါင်း ၅၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ပူးပေါင်းတပ်ဘက်က ၈၇ ဦးသေပြီး ၄၅ ဦး ဒဏ်ရာရရှိခဲ့ပြီး KNLA ပူးပေါင်းတပ်ဘက်က ၁၂ ဦး ကျဆုံး၊ ၁၇ ဦး ဒဏ်ရာရရှိခဲ့သလို ဒေသခံ ၄ ဦး သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up