close

ထိုင်းတွင် ကိုဗစ်ကြောင့် နေ့စဉ်သေဆုံးမှု အယောက် ၁၃၀ နီးပါးထိ စံချိန်တင်မြင့်တက်

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် နေ့စဉ်သေဆုံးမှုဟာ ၁၂၉ ယောက်ထိ ရှိလာခဲ့ပြီး ဒါဟာ လက်ရှိကူးစက်မှု လှိုင်းအတွင်း စံချိန်တင်မြင့်တက်မှုဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဧပြီ ၁၈ ရက် တရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုကတော့ ၁၆,၈၉၁ ယောက် ရှိခဲ့ပြီး ကူးစက်မှုနှုန်းဟာ ၄ ရက်မြောက်နေ့အဖြစ် ကျဆင်းလာခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီကူးစက်မှုထဲမှာ အန်တီဂျင်စစ်ဆေးမှုနဲ့ ရောဂါကူးစက်ခံရတဲ့ ၁၂,၉၄၅ ယောက် မပါဝင်ဘဲ အဲဒီကူးစက်မှုပါ ထပ်ပေါင်းလိုက်မယ်ဆိုရင်တော့ စုစုပေါင်း ၂၉,၈၃၆ ယောက် ရှိနေတယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ကုသမှု ခံယူနေရသူအရေအတွက်ကတော့ ပြီးခဲ့တဲ့ ရက်တုန်းက ၂၀၅,၅၁၄ ယောက် ရှိခဲ့ရာကနေ ၁၉၇,၃၄၉ ယောက်သာ ရှိတော့တာမို့ ကျဆင်းလာခဲ့ပြီး အဲဒီထဲမှာ ဆေးရုံတွေမှာ ၅၁,၂၉၇ ယောက်၊ ဒေသတွင်း ကွင်းဆင်းဆေးကုသဆောင်တွေမှာ ၄၄,၃၃၉ ယောက်နဲ့ ၁၀၁,၀၂၉ ယောက်ကတော့ နေအိမ်နဲ့ ရပ်ရွာတွင်း သီးခြားထားရှိကုသမှု ခံယူနေကြတယ်လို့ ဆိုပါတယ်။

ဆေးရုံတွေမှာ တက်ရောက်ကုသမှု ခံယူနေကြသူတွေထဲက ၂,၁၀၄ ယောက်ကတော့ အဆုတ်ယောင်ပြင်းထန်ရောဂါလက္ခဏာ ခံစားနေရသူတွေဖြစ်ပြီး အယောက် ၉၄၀ ကတော့ အသက်ရှူစက်အကူအညီနဲ့ ကုသမှုခံယူနေကြရတာပါ။

ပြင်းထန်ရောဂါလက္ခဏာ ခံစားရသူတွေထဲမှာတော့ ဘန်ကောက်က လူနာ ၂၀၇ ယောက်နဲ့ အများဆုံးပါဝင်ပြီး နခွန်ရက်ချဆီမာက ၉၃ ယောက်၊ ဆမွတ်ပရာကန်က ၈၉ ယောက်၊ ချွန်ဘူရီက ၈၇ ယောက်၊ ဆူဖန်ဘူ ရီက ၆၄ ယောက်စီ ပါဝင်တယ်လို့ ကိုဗစ်-၁၉ အခြေအနေ စီမံကြီးကြပ်မှုစင်တာ (စီစီအက်စ်အေ)က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူ အရေအတွက်ကတော့ ၂၄,၉၂၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ အခြေအနေ စီမံကြီးကြပ်မှုစင်တာ (စီစီအက်စ်အေ) ရဲ့ ထုတ်ပြန်ချက်အရ သေဆုံးသူတွေထဲက ၁၂၄ ယောက်ကတော့ အသက် ၁၀ နှစ်ကနေ ၉၈ နှစ်ကြား အရွယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘန်ကောက်မှာတော့ သေဆုံးမှုအသစ် ၂၇ ယောက်ရှိခဲ့ပြီး နိုင်ငံမြောက်ပိုင်းဒေသတွေမှာ ၁၅ ယောက်၊ အရှေ့မြောက်ပိုင်းမှာ ၃၄ ယောက်၊ တောင်ပိုင်းမှာ ၁၃ ယောက်ထိ ရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ကိုဗစ်-၁၉ ရောဂါကူး စက်မှု စတင်ချိန်ကတည်းက လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရပြီး သေဆုံးသူပေါင်း ၂၇,၁၃၅ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်မှုအသစ် ၁၆,၈၉၁ ယောက်ထဲမှာတော့ အကျဉ်းထောင်တွေထဲက ၁၉ ယောက်နဲ့ ၈၅ ယောက်ကတော့ တခြားနိုင်ငံတွေက ဝင်ရောက်လာသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အစောပိုင်း ကိုဗစ်-၁၉ ကူးစက်မှု စတင်ချိန်ကတည်းက လက်ရှိအချိန်ထိ ထိုင်းနိုင်ငံတဝန်း ရောဂါကူးစက်ခံရသူပေါင်း ၄ သန်းကျော်ရှိခဲ့ပြီး ၁ ဒသမ ၈၄ သန်းကတော့ အခုနှစ်အတွင်း ကူးစက် ခံရသူတွေဖြစ်ကာ ၃ ဒသမ ၈၃ သန်းကတော့ ပြန်လည်ပျောက်ကင်းသက်သာလာခဲ့ပြီလို့ ဆိုပါတယ်။

တကမ္ဘာလုံးမှာတော့ ရောဂါကူးစက်ခံရသူပေါင်း ၅၀၅ သန်းကျော်ရှိလာခဲ့ပြီဖြစ်ကာ သေဆုံးသူအရေအတွက်ကတော့ ၆ ဒသမ ၂၂ သန်းကျော်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းတပတ်အတွင်းမှာတော့ ကိုရီးယားနိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၉၂၈,၈၉၇ ယောက်နဲ့ အများဆုံးကူးစက်ခံခဲ့ရပြီး သူ့နောက်မှာတော့ ပြင်သစ်က ၈၁၇,၉၆၇ ယောက်၊ ဂျာမနီက ၆၈၅,၇၁၀ ယောက်၊ အီတလီက ၄၀၉,၅၁၀ ယောက်စီနဲ့ အသီးသီး ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up