ဂွါဒီယိုလာနှင့် ဟာရီကိန်းတို့ ဖိတ်ခေါ်ဂေါက်သီးရိုက်ပြိုင်ပွဲ ဝင်ပြိုင်မည်

နယ်ပယ်စုံက နာမည်ကြီးအားကစားသမားတွေ ပါဝင်ယှဉ်ပြိုင်မယ့် ဖိတ်ခေါ် ဂေါက်သီးရိုက်ပြိုင်ပွဲမှာ မန်စီးတီးနည်းပြ ဂွါဒီယိုလာနဲ့ စပါးတိုက်စစ်မှူး ဟာရီကိန်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။
ဒါ့အပြင် အိုလံပစ်ရေကူးချန်ပီယံ မိုက်ကယ်ဖဲလ်စ်၊ တင်းနစ်လောကမှ ရုတ်တရက် အနားယူသွားခဲ့တဲ့ ကမ္ဘာ့အဆင့် ၁ သြစတြေးလျ တင်းနစ်မယ် အက်ရှ်လီဘာတီ စသူတွေလည်း ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲကို ဇွန်လ ၃၀ ရက်က ဇွန်လ ၁ ရက်အထိ နယူးဂျာစီပြည်နယ်ရှိ Liberty National ဂေါက်ကွင်းမှာ နှစ်ရက်ကြာ ကျင်းပမှာဖြစ်ပြီး Team Match-Play ပုံစံနဲ့ ကိုးကျင်းစီ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲမှာ Team USA နဲ့ Team World အသင်းနှစ်သင်း ယှဉ်ပြိုင်မှာဖြစ်ကာ ပြိုင်ပွဲဝင် ၂၈ ယောက်က တသင်းကို ၁၄ ယောက်စီ ပါဝင်စေမှာ ဖြစ်ပါတယ်။
Team USA ကို အမေရိကန်က ဖရက်ကော်ပယ်လ်နဲ့ Team World ကို တောင်အာဖရိကက အာနီအဲလ်စ်တို့က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူမှာ ဖြစ်ပါတယ်။
Team World အသင်းမှာ မန်စီးတီးနည်းပြ ဂွါဒီယိုလာနဲ့ စပါးတိုက်စစ်မှူး ဟာရီကိန်း၊ မက္ကဆီကို လက်ဝှေ့သမား ကာနီလိုအယ်လ်ဗာရက်ဇ် စသူတို့ ပါဝင်ကြမှာပါ။
Team USA အသင်းမှာတော့ အိုလံပစ်ရေကူးချန်ပီယံ မိုက်ကယ်ဖဲလ်စ်၊ လက်ဝှေ့အကျော်အမော်ဟောင်း ဒယ်လာဟိုယာ၊ NFL ကစားသမားဟောင်း ရိုသယ်လစ်ဘာဂါတို့ ပါဝင်မှာဖြစ်ပြီး ယှဉ်ပြိုင်မယ့် ၁၄ ဦးစာရင်းကို လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်း ထုတ်ပြန်မှာ ဖြစ်ပါတယ်။