ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် ပြီးဆုံးသွားပြီဟု မန်ယူနည်းပြ ရင်းနစ်ခ် ပြော

အာဆင်နယ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ရူံးနိမ့်ခဲ့ပြီးတဲ့နောက်မှာ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် ပြီးဆုံးသွားပြီးဖြစ်တယ်လို့ မန်ယူနည်းပြ ရင်းနစ်ခ်က ပြောပါတယ်။
မန်ယူအသင်းဟာ အဆင့်၄ နေရာက အာဆင်နယ်အသင်းထက် တပွဲပိုကစားထားပေမယ့် ၆ မှတ်ကွာဟနေတာကြောင့် အဆင့် ၄ အတွင်းဝင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ နည်းပြ ရင်းနစ်ခ်က မှတ်ချက်ပေးခဲ့တာပါ။
“ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက် ပြီးဆုံးသွားပြီဆိုတာ သေချာတာပေါ့။ ဒီပွဲမတိုင်ခင်မှာတောင် မျှော်လင့်ချက်ရှိသေးပေမယ့် ရှုံးပွဲတွေ့ခဲ့ရလို့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်က ပြီးဆုံးသွားပါပြီ” လို့ နည်းပြ ရင်းနစ်ခ်က ပြောပါတယ်။
အာဆင်နယ်နဲ့ပွဲစဉ်မှာ VAR ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက် ၃ ခုအပေါ်မှာတော့ ကျေနပ်မှု မရှိကြောင်း ရင်းနစ်ခ်က ပြောပါတယ်။
စီရော်နယ်ဒိုရဲ့ဒုတိယသွင်းဂိုးကို လူကျွံဘောအဖြစ် သတ်မှတ်ခံရတာနဲ့ ချာကာသွင်းယူခဲ့တဲ့ တတိယမြောက်သွင်းဂိုးဟာ လူကျွံဘောဖြစ်ပေမယ့် ဂိုးပေးခဲ့တာတွေက ကျေနပ်စရာမကောင်းခဲ့ကြောင်း နည်းပြရင်းနစ်ခ်က ဝေဖန်သွားခဲ့ပါတယ်။
အသင်းရဲ့ အားအနည်းဆုံးအပိုင်းက ခံစစ်ကို ကောင်းမွန်စွာ မကစားနိုင်ခဲ့တာလို့လည်း နည်းပြ ရင်းနစ်ခ်က မှတ်ချက်ပေးသွားပါတယ်။