ကီးယက်ဗ်မြို့ရှိ ယူကရိန်း-ရုရှား ချစ်ကြည်ရေး အထိမ်းအမှတ် ကြေးသွန်းရုပ်တုကြီးကို ဖျက်ဆီး

ယူကရိန်းနိုင်ငံ မြို့တော်ကီးယက်ဗ်မှာ ဆိုဗီယက်ခေတ် ကြေးသွန်းရုပ်ကြီးကို ဧပြီ ၂၆ ရက်က ဖျက်ဆီးပစ်လိုက်ကြပါတယ်။
ဒီဧရာမရုပ်တုကြီးဟာ ရုရှားနဲ့ ယူကရိန်းတို့ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ဆိုဗီယက်ခေတ်ကတည်းက စိုက်ထူထားတာပါ။
ရုပ်တုကို ဖန်တီးခဲ့တဲ့ ဗိသုကာတွေထဲက တယောက်ဖြစ်တဲ့ ဆာဟီး မိုင်ယာဟောရာစကီးက “အခု ရုရှားက ယူကရိန်းကို ကျူးကျော်တယ်။ ဒီလောက်ဆိုးတဲ့ ရန်သူမျိုး မရှိတော့ဘူး။ ဒါကြောင့် ရုရှား-ယူကရိန်း ချစ်ကြည်ရေး ရုပ်တုဆိုတာလည်း ဆက်ရှိနေစရာအကြောင်း မရှိတော့ဘူး” လို့ ပြောပါတယ်။
၈ မီတာ အမြင့်ရှိတဲ့ ကြေးသွန်းရုပ်တုကြီးက အမျိုးသားနှစ်ယောက် တူတံစဉ်တံဆိပ်ကို ကိုင်ထားတဲ့ပုံစံ ထွင်းလုပ်ထားတာပါ။
ပြည်သူအချင်းချင်း ချစ်ကြည်ရေးဆိုတဲ့ စာသားပါတဲ့ ဒီကြေးသွန်းရုပ်တုကို ဆိုဗီယက် အာဏာပိုင်တွေက ယူကရိန်းကို ၁၉၈၂ ခုနှစ်က လက်ဆောင်ပေးအပ်ခဲ့ပြီး ဒီကြေးသွန်းရုပ်တုနဲ့ သက်တံပုံ အမိုးခုံးကြီးကို ဆိုဗီယက်ပြည်ထောင်စု အနှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် စိုက်ထူထားတာပါ။
ကီးယက်ဗ်မြို့တော်ဝန် ဗီတလီ ကလီရှန်ကိုက ရုပ်တုကို ဖျက်ဆီးလိုက်ပေမဲ့ တိုက်တေနီယံ အမိုးခုံးကိုတော့ ဆက်ထားမှာဖြစ်ပြီး ဒီနေရာကိုလည်း ယူကရိန်း ပြည်သူ့လွတ်မြောက်ရေး ရင်ပြင်လို့ နာမည်ပြောင်းမယ်လို့ ပြောပါတယ်။