နျူကလီးယားစစ်ပွဲ အန္တရာယ်လျှော့မတွက်ရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးပြော

ယူကရိန်းအရေးနဲ့ပတ်သက်ပြီး နျူကလီးယားစစ်ပွဲ ဖြစ်လာမယ့် အန္တရာယ်တွေ မြင့်မားလာတာကို လျှော့မတွက်ဖို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗ်ရော့ဗ်က ဧပြီ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။
မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးကိုလည်း ယူကရိန်းအစိုးရကို လက်နက်ထောက်ပံ့တဲ့နည်းနဲ့ ကိုယ်စားလှယ်ထားပြီး ရုရှားကို စစ်ပွဲဆင်နွှဲနေတဲ့ အနှစ်သာရ အဖြစ် ရှုမြင်ကြောင်း ပြောလိုက်ပါတယ်။
တတိယကမ္ဘာစစ်ကို ရှောင်ဖို့အရေးကြီးသလားဆိုတာနဲ့ လက်ရှိအခြေအနေဟာ အမေရိကန်-ဆိုဗီယက် ဆက်ဆံရေး ကျဆင်းခဲ့တဲ့ ၁၉၆၂ ခုနှစ် ကျူးဘားဒုံးကျည် အကျပ်အတည်းနဲ့ နှိုင်းယှဉ်နိုင်ခြင်း ရှိ၊ မရှိ ရုရှား အစိုးရ ရုပ်သံက လာ့ဗ်ရော့ဗ်ကို မေးခွန်း ထုတ်ခဲ့တာပါ။
ရုရှားဟာ နျူကလီးယား စစ်ကို နည်းလမ်းအကုန်သုံး ဟန့်တားဖို့ ကြိုးစားရာမှာ စည်းမျဉ်းတွေကို လိုက်နာဖို့ကိုလည်း အများကြီး လုပ်ခဲ့တယ်လို့ လာ့ဗ်ရော့ဗ်က ပြောပါတယ်။
“အန္တရာယ်က ပြင်းထန်စစ်မှန်လို့ ကျနော်တို့ လျှော့မတွက်သင့်ဘူး”လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။
ရုရှားဟာ ဖေဖော်ဝါရီ ၂၄ ရက်က စပြီး ယူကရိန်းအပေါ် အထူးစစ်ဆင်ရေး ဆင်နွှဲတယ်လို့ အကြောင်းပြပြီး တပ်အင်အား သိန်းချီ စေလွှတ် တိုက်ခိုက်ခဲ့တာပါ။