အမေရိကန် ဒုသမ္မတ ကမ်မလာဟားရစ် ကိုဗစ်-၁၉ ကူးစက်ခံရ

အမေရိကန် ဒုတိယသမ္မတ ကမ်မလာဟားရစ်ဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရပေမဲ့ စိုးရိမ်စရာ မရှိဘူးလို့ ဒုတိယသမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အိမ်ဖြူတော် ဝန်ထမ်းတွေကြားမှာ ကိုဗစ်-၁၉ ကူးစက်မှု စိုးရိမ်နေရတဲ့ အချိန်မှာ ဒုသမ္မတ ကိုယ်တိုင် ရောဂါကူးစက်ခံထားရတဲ့ သတင်းကို အတည်ပြုလိုက်တာပါ။
ဒါပေမဲ့ ဒီအတောအတွင်းမှာ ဒုတိယသမ္မတနဲ့ သမ္မတ ဂျိုးဘိုင်ဒင်တို့ အနီးကပ် တွေ့ဆုံခဲ့တာ မရှိခဲ့ဘူးလို့ ဒုသမ္မတရဲ့ ပြောခွင့်ရသူ ခရစ္စတင်း အဲလန်က ပြောပါတယ်။
လောလောဆယ်မှာ ဒုသမ္မတဟာ သီးသန့်နေထိုင်မှာ ဖြစ်ပြီး ရောဂါလက္ခဏာ မတွေ့ရတော့မှဘဲ အိမ်ဖြူတော်ကို ပြန်လာမယ်လို့လည်း ပြောပါတယ်။
ကူးစက်မြန်တဲ့ အိုမီခရွန်း BA.2 မျိုးကွဲဟာ အမေရိကန်ပြည်ထောင်စုရဲ့ တချို့နေရာတွေမှာ ရောဂါကူးစက်မှုတွေ မြင့်တက်စေနေပေမဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့တော့ ကူးစက်မှုနှုန်းက ကျဆင်းနေပြီလို့ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။