close

ကန့်ကွက်မှုများကြားမှ အင်ခိုင်ဘွမ်အမျိုးသားဥယျာဥ်အတွင်း ဆင်းတု၊ ရုပ်တုများ ဆက်လက် တည်ဆောက်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကချင်တိုင်းရင်းသားတွေရဲ့ သမိုင်းနဲ့ ပထဝီအမွေအနှစ်ဖြစ်တဲ့ အင်ခိုင်ဘွမ် အမျိုးသားဥယျာဥ်နေရာမှာ ဗုဒ္ဓရုပ်ပွားတော် တည်ထားကိုးကွယ်ဖို့ စီမံမှုကို ကချင်တိုင်းရင်းသားတွေက အကြိမ်ကြိမ် ကန့်ကွက်ပြောဆိုပေမဲ့ ပြီးခဲ့တဲ့ သုံးလလောက်က စတင်ပြီး ရုပ်တုတွေ ပြန်တည်ဆောက်နေတယ်လို့ သိရပါတယ်။

အင်ခိုင်ဘွမ် အမျိုးသားဥယျာဥ်မှာ ဗုဒ္ဓရုပ်ပွားတော်တည်ထား ကိုးကွယ်ဖို့ စီမံမှုနဲ့ပတ်သက်ပြီး ဂျိန်းဖော့ရိုးရာယဥ်ကျေးမှုနဲ့ စာပေအသင်းချုပ်အဖွဲ့အစည်းက ပြီးခဲ့တဲ့နှစ်စပိုင်းက စာထုတ်ပြန် ကန့်ကွက်ခဲ့ပေမဲ့ အချိန်မှာတော့ နဂါးရုပ်တုတွေ ပြန်လည်တည်ဆောက်နေတယ်လို့ မြစ်ကြီးနားမြို့ပေါ်က ကချင်တိုင်းရင်းသားတဦးက ပြောပါတယ်။

“ကျနော်တို့ရဲ့ ကချင်ရိုးရာယဥ်ကျေးမှုအဖွဲ့ကလည်း အရင်နှစ်ကတည်းက စာထုတ်ပြန်ပြီး ကန့်ကွက်ထားတယ်။ အဲတာကို လွန်ခဲ့တဲ့ ၃ လလောက်ကတည်းက ဆောက်နေကြတာ ထင်တယ်။ အခုနဂါးရုပ်တွေ တော်တော်ပြီးနေပြီ၊ ဒီနေရာက ကချင်တမျိုးသားလုံးနဲ့ဆိုင်နေရာ ကချင်တွေ အားလုံးက ဝိုင်းကန့်ကွက်နေတာလေ၊ ဘာသာရေးနဲ့ ဆိုင်တဲ့နေရာ မဟုတ်ဘူး” လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက ဉာဏ်တော်အမြင့် ၂၇ ပေ ရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ တည်ထားကိုးကွယ်ဖို့ စီမံဆောင်ရွက်တာကြောင့် ကချင်တိုင်းရင်းသားတွေက ကန့်ကွက်မှုပြုလုပ်ခဲ့ပြီး အဲဒီအချိန် ကချင်ပြည်နယ် သစ်တောဌာနက သစ်တောကြိုးဝိုင်း ဧရိယာဖြစ်တာကြောင့် ရပ်တန့်ထားဖို့ ပြောဆိုခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အခုပြန်လည်တည်ဆောက်နေတာဖြစ်ပြီး ဒီလိုကန့်ကွက်မှုတွေ ကြားထဲက ပြုလုပ်တာဟာ အချင်းချင်းတွေကြား စိတ်ဝမ်းကွဲမှုတွေနဲ့ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာနိင်တယ်လို့ ကချင်တိုင်းရင်းသားတစ်ဦးက မှတ်ချက်ပေးပြောဆိုပါတယ်။

အင်ခိုင်ဘွမ်တောင်က ၂၀၁၇ ခုနှစ်က ဇီဝမျိုးစုံမျိုးကွဲ ကာကွယ်ရေးနဲ့ သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေအရ သဘာဝနယ်မြေတွေထဲက အမျိုးသားဥယျာဥ်အဖြစ်သတ်မှတ်ထားတဲ့ နေရာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up