close

မာရီယိုပိုမြို့အတွင်း ပိတ်မိနေသူများကို ကယ်ထုတ်ပေးရန် အမျိုးသမီးများ ဆန္ဒပြ

မာရီယူပိုမြို့မှာ ပိတ်မိနေတဲ့ ခင်ပွန်းတွေ၊ သားတွေနဲ့ အစ်ကိုတွေ၊ မောင်တွေကို ကယ်ထုတ်ပေးဖို့ ယူကရိန်းနိုင်ငံ ကီယက်ဗ်မြို့မှာ ဧပြီ ၃၀ ရက်နေ့မှာ အမျိုးသမီးတွေ ဆန္ဒပြတောင်းဆိုကြပါတယ်။

ဒီလိုကယ်ထုတ်ဖို့ လူူသားချင်းစာနာမှု အကူအညီပေးရေး လမ်းကြောင်း ပွင့်လာအောင် နိုင်ငံတကာ ခေါင်းဆောင်တွေက ကြားဝင် စေ့စပ်ပေးဖို့ တောင်းဆိုကြတာပါ။ 

မာရီယူပိုမြို့မှာရှိတဲ့ အာဇိုစတယ် သံမဏိစက်ရုံကို ရုရှားတပ်တွေ ဝိုင်းထားတာ ရက်သတ္တပတ်တွေ ကြာနေပြီး ဒီထဲမှာ ယူကရိန်း စစ်သားတွေရော၊ အရပ်သားတွေပါ ပိတ်မိနေပါတယ်။ 

ဆန္ဒပြအမျိုးသမီးတွေက မာရီယူပိုမြို့ကို ကယ်တင်ပါလို့ ရေးသားထားတဲ့ ဆိုင်းပုဒ်တွေ၊ ယူကရိန်း နိုင်ငံ အလံ၊ ရုရှား ကျူးကျော်စစ် စတင်ချိန်မှာ ဖွဲ့ည်းလိုက်တဲ့ ယူကရိန်း အရန်တပ်ဖွဲ့ တဖွဲ့ရဲ့ အလံတို့ကို ကိုင်ထားကြပါတယ်။ 

ဒီဆန္ဒပြပွဲမှာ မာရီယူပိုမြို့ တိုက်ပွဲမှာ တိုက်ခိုက်နေတဲ့ သားဖြစ်သူကို ထောက်ခံဖို့ လတ်မီလာ ဆိုတဲ့ အမျိုးသမီးလည်း ပါဝင်ပါတယ်။ 

သူ့သား သေလား ရှင်လား မသိရပေမယ့် သူ့အသားအတွက် တာဝန်တခုအနေနဲ့ မာရီယူပို မြို့ လွတ်လပ်တဲ့အထိ ဆန္ဒပြသွားမယ့်အကြောင်း ပြောပါတယ်။ 

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတရက်စ်ဟာ ဧပြီ ၂၉ ရက်နေ့က ယူကရိန်း သမ္မတ ဇီလန်စကီးနဲ့ တွေ့ဆုံအပြီးမှာ အာဇိုစတယ် စက်ရုံထဲ ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ အရေးအကြိတ်အနယ် ဆွေးနွေးနေတယ်လို့ ပြောပါတယ်။

ရုရှားသတင်းဌာန TASS  ကတော့ စက်ရုံဝင်းထဲကနေ အရပ်သား ၂၅ ယောက်နဲ့ ကလေး ၆ ယောက်ကို ထွက်လာနိုင်ပြီလို့ ပြောပေမယ့် ဘယ်ကို ဆက်ထွက်သွားလဲဆိုတာကိုတော့ အတည်မပြုနိုင်ပါဘူး။

စက်ရုံထဲ ပိတ်မိနေတဲ့ ယူကရိန်း စစ်သားတယောက်ကလည်း အမျိုးသမီးနဲ့ ကလေး စုစုပေါင်း အယောက် ၂၀ ကို မနေ့က ကယ်ထုတ်နိုင်ခဲ့ပြီး  အနောက်မြောက်ဒေသက ယူကရိန်း မြို့ တမြို့ ဖြစ်တဲ့ ဇာပူးရီယီရှာမြို့ကို ပို့ဆောင်ပေးမယ်လို့ ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up