သံမဏိစက်ရုံဝန်းထဲ ပိတ်မိနေသည့် အရပ်သား ၁၅၆ ယောက်ကို ကယ်ထုတ်ခဲ့ဟု ယူကရိန်းသမ္မတ ပြော

မာရီယူပိုမြို့မှာရှိတဲ့ အာဇိုစတယ် သံမဏိစက်ရုံဝန်းထဲ ပိတ်မိနေတဲ့ အရပ်သား ၁၅၆ ယောက်ကို ကယ်ထုတ်ပြီး ယူကရိန်းအစိုးရက ထိန်းချုပ်ဆဲဖြစ်တဲ့ အနောက်မြောက်ဒေသက ဇာပူးရီယီရှာမြို့ဆီကို ပို့ဆောင်လိုက်ပြီလို့ ယူကရိန်းသမ္မတ ဇလန်းစကီးက မေ ၃ ရက်မှာ ပြောပါတယ်။
နိုင်ငံကိုပြောကြားတဲ့ မိန့်ခွန်းမှာ သမ္မတ ဇလန်းစကီးက ရုရှားဘက်က အပစ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်နေတယ်လို့လည်း စွပ်စွဲပါတယ်။
နှစ်လခွဲကြာနေပြီဖြစ်တဲ့ ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် လူထောင်ချီ သေဆုံးပြီး မြို့တွေပျက်စီးကာ လူ ငါးသိန်းလောက်ကလည်း တခြားနိုင်ငံတွေကို စစ်ပြေးဒုက္ခသည်တွေအဖြစ် ခိုလှုံသွားကြပြီး ဖြစ်ပါတယ်။
စစ်မဖြစ်ခင်က မာရီယူပို ဆိပ်ကမ်းမြို့မှာ လူဦးရေ သိန်းချီရှိပြီး အခုတော့ ရုရှားအမြောက်ဒဏ်ကြောင့် မြို့ပျက်ကြီးလို ဖြစ်နေပါပြီ။
အာဇိုစတယ် သံမဏိစက်ရုံဝင်းထဲမှာ ပိတ်မိနေတဲ့ အရပ်သားတွေကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ကြက်ခြေနီအသင်းတို့ရဲ့ အစီအစဉ်နဲ့ မေ ၁ ရက်မှာ စတင်ကယ်ထုတ်ခဲ့ပါတယ်။ နောက်ထပ် အရပ်သား ၂၀၀ လောက် ကျန်နေသေးတယ်လို့ စစ်ဘေးရှောင်တွေနဲ့အတူ ဗုံးခိုကျင်းထဲမှာ အတူရှိနေတဲ့ ယူကရိန်းတပ်မှူးက ပြောလိုက်တာပါ။
ပိတ်မိနေသူတွေထဲမှာ အမျိုးသမီး၊ ကလေးနဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်နေတယ်လို့ ပြောပါတယ်။