အမေရိကနိုင်ငံအချို့ကို ထိပ်သီးညီလာခံမှ ဖယ်ရှားမည့်ဆုံးဖြတ်ချက် ဗင်နီဇွဲလား ပယ်ချ

အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့မှာ ဇွန်လအတွင်း ကျင်းပမယ့် အမေရိကနိုင်ငံများ ထိပ်သီးညီလာခံကနေ ဗင်နီဇွဲလား၊ ကျူးဘားနဲ့ နီကာရာဂွါ နိုင်ငံတွေကို ဖယ်ရှားမယ်လို့ အမေရိကန်အစိုးရက ဆုံးဖြတ်လိုက်ပါတယ်။
ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ပယ်ချလိုက်တဲ့အကြောင်း ဘိုလီးဗီးယားနဲ့ ဗင်နီဇွဲလားနိုင်ငံခြားရေး ဝန်ကြီးတွေက မေ ၅ ရက်နေ့ ဘိုလီးဗီးယားမြို့တော် လာပဲ့ဇ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီး ပလာစန်စီယာက “ကျနော်တို့ရဲ့ ငြင်းပယ်တဲ့အသံ၊ ပြင်းပြင်းထန်ထန် ငြင်းပယ်တဲ့အသံကို မြှင့်ပြီး မပြောဘဲနဲ့ ဒေသတွင်း တာဝန်ယူတဲ့ အစိုးရတွေက ဒီကိစ္စကို ခွင့်မပြုနိုင်ဘူး" လို့ ပြောပါတယ်။
ဘိုလီးဗီးယား အစိုးရကလည်း ဒီနိုင်ငံတွေကို မချန်လှပ်ထားခဲ့ဘဲ ဒေသအတွင်း နိုင်ငံစုံဝါဒအတွက် တောင်းဆိုခဲ့ပါတယ်။
ဘိုလီးဗီးယား နိုင်ငံခြားရေးဝန်ကြီး မေတာက "နိုင်ငံတွေအားလုံး ပါရမယ်။ တကယ်လို့ တယောက်ယောက် ဖယ်ထားခံရရင် ဖယ်ထားခံရသူက ဆုံးရှုံးတာမဟုတ်ဘဲ အမေရိကတိုက်က ဆုံးရှုံးတာ။ ကျနော်တို့အားလုံး လုပ်ငန်းစဉ်ကြီး ဆုံးရှုံးတာ ဖြစ်လိမ့်မယ်" လို့ ပြောပါတယ်။
ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနို ရိုဒရီဂက်ဇ်ကလည်း အမေရိကန်က ကျူးဘားကို ညီလာခံကနေ ဖယ်ထုတ်တာဟာ လေးနှစ်ကြာ အဆင့်မြင့် သံခင်းတမန်ခင်းကို နောက်ပြန်ဆုတ်လိုက်တာပဲလို့ ပြောခဲ့ပါတယ်။
နိုင်ငံရေး အတိုက်အခံတွေကို ဖိနှိပ်ဖမ်းဆီးတာ၊ ဝေဖန်သူတွေနဲ့ မီဒီယာသမားတွေကို ထောင်ချခဲ့တဲ့ ဗင်နီဇွဲလား၊ ကျူးဘားနဲ့ နီကာရာဂွါ နိုင်ငံအစိုးတွေကို အမေရိကန်က ဆန့်ကျင်တဲ့ အနေနဲ့ ဒေသတွင်း ထိပ်သီးညီလာခံကနေ ဖယ်ရှားခဲ့တာဖြစ်ပါတယ်။