အာဇိုစတယ်စက်ရုံဝင်းထဲ ပိတ်မိနေသူ ၃၀၀ ကျော်ကို ကယ်တင်ပြီးဟု ဇလန်းစကီးပြော

အာဇိုစတယ် သံမဏိ စက်ရုံဝင်းထဲ ပိတ်မိနေတဲ့ အရပ်သား ၃၀၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့ပြီလို့ ယူကရိန်းသမ္မတ ဇလန်းစကီးက မေ ၇ ရက်နေ့ည မိန့်ခွန်းမှာ ပြောပါတယ်။
နောက်တဆင့်အနေနဲ့ ဒဏ်ရာရသူတွေ၊ ဆေးအဖွဲ့တွေကို ကယ်ထုတ်ဖို့ ကြိုးစားမှာ ဖြစ်ပြီး မာရီယူပို မြို့ခံတွေ အားလုံးကို အနီးအနားက ဘေးကင်းရာ နေရာတွေဆီကို ကယ်ထုတ်သွားနိုင်ဖို့ လူသားချင်းစာနာမှု လမ်းကြောင်းပွင့်အောင် ကြိုးစားနေတယ်လို့ ပြောပါတယ်။
မာရီယူပိုမြို့မှာ ရှိတဲ့ အာဇိုစတယ် သံမဏိ စက်ရုံကနေ ခုခံနေတဲ့ ယူကရိန်းစစ်သားတွေဟာ ၁၀ ပတ် ကြာနေပြီဖြစ်တဲ့ စစ်ပွဲမှာ အနိုင်အခံ အရှုံးမပေးတဲ့စိတ်ဓာတ်ကို ပြသနေတဲ့ ပြယုဂ်တခုလို ဖြစ်လာနေပါတယ်။
အာဇိုစတယ် သံမဏိစက်ရုံကို ဆိုဗီယက်ခေတ်က တည်ဆောက်ခဲ့တာ ဖြစ်ပြီး စစ်ဒဏ်ခံနိုင်အောင် ကတုတ်ကျင်းတွေလည်း ထည့်ဆောက်ထားခဲ့ပါတယ်။
အခုစစ်ပွဲမှာ ယူကရိန်း စစ်သားတွေက စက်ရုံကနေ နောက်ဆုံး ခံတပ်လို ခုခံနေသလို၊ လာရောက်ခိုလှုံနေတဲ့ အရပ်သားတွေလည်း ရှိနေပါတယ်။
ရုရှားဘက်က အမြောက်တွေ၊ ဗုံးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတာကြောင့် စက်ရုံးဝင်းထဲက ဗုံးခိုကျင်းထဲမှာ ပိတ်မိနေတဲ့ အရပ်သားတွေဟာ အစာအသောက်နဲ့ ဆေးဝါး ပြတ်လပ်တော့မယ့် အခြေအနေနဲ့ နေထိုင်နေရတာပါ။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ကြားဝင်မှုနဲ့ သူတို့ကို လူသားချင်း စာနာမှု လမ်းကြောင်းကနေ တသုတ်ပြီး တသုတ် ကယ်ထုတ်နေတာ ဖြစ်ပါတယ်။