ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်မှာ မေ ၁၀ ရက် ည ၁၂ နာရီဝန်းကျင်လောက်က စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ကား ၁ စီး ထိမှန်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဘေးပတ်ဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ အချိန်အတော်ကြာကြာ ပစ်ခတ်ခဲ့တာကြောင့် အနီးပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာနေ ပြည်သူတွေ ညဉ့်နက်သန်းခေါင်အချိန် မိုးရွာနေတဲ့ကြားက အဝတ်တထည်ကိုယ်တခုနဲ့ ထွက်ပြေးခဲ့ကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
မနေ့ညက ထိမှန်ပျက်စီးသွားခဲ့တဲ့ကားကို ဒီနေ့မနက်ပိုင်းရောက်မှ အခြားကားတစီး အကူအညီနဲ့ ကြိုးနဲ့ဆွဲပြီး ယင်းမာပင်မြို့ဘက်ကို သယ်ဆောင်သွားကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဟာ ဒေါင်းမင်း PDF အဖွဲ့နဲ့ တဇောက်ကန်း ဘဂျမ်း PDF အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး အင်ကြင်းတောင်အနီးမှာ တကြိမ်နဲ့ နှောရိုး ကောင်းဆင့်အနီးမှာ တကြိမ် စုစုပေါင်း ၂ ကြိမ် တိုက်ခိုက်ခဲ့တာလို့ ဒေါင်းမင်း PDF ခေါင်းဆောင် ဗိုလ်စက္ကက ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရလိုက်ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ အဖွဲ့ ၂ ဖွဲ့ဖြစ်ပြီး မုံရွာဘက်ကနေ ယင်းမာပင်ဘက်ကိုလာတဲ့ စစ်ကောင်စီအဖွဲ့နဲ့ ယင်းမာပင်ဘက်ကနေ အကြိုလာတဲ့ စစ်ကောင်စီအဖွဲ့တို့ဖြစ်ကာ စုစုပေါင်းအင်အား ၁၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကောင်စီတပ်ဖွဲ့ ၂ ခုဆုံအပြီး ယင်းမာပင်ဘက်ကို လာနေစဉ်အတွင်းမှာ မိုင်းဆွဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာဖြစ်ပြီး ကား ၁ စီး လုံးဝပျက်စီးသွားခဲ့သလို ထိခိုက်သေဆုံးမှုတွေလည်း များနိုင်ပေမဲ့ အရေအတွက် အတိအကျကိုတော့ မသိရသေးကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ညတွင်းချင်း ခရီးမဆက်နိုင်ခဲ့ဘဲ မုံရွာ-ယင်းမာပင်-ပုလဲ လမ်းဘေးတနေရာမှာ ညအိပ်ရပ်နားခဲ့ကြရတယ်လို့ ပြောပါတယ်။