close

အာဆီယံနှင့် အမေရိကန် ကုန်သွယ်ရေးခိုင်မာရန် မျှော်လင့်

အာဆီယံနိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုတို့အကြား ကုန်သွယ်ရေးခိုင်မာဖို့ မျှော်လင့်တဲ့အကြောင်း အာဆီယံနိုင်ငံတွေနဲ့ ကုန်သွယ်ရေးဆိုင်ရာ အစည်းအဝေးမှာ အမေရိကန်အစိုးရ ကုန်သွယ်ရေးဝန်ကြီး ဂီနာရိုင်မွန်ဒိုက ပြောပါတယ်။

မနေ့က အစည်းအဝေးကို ဝါရှင်တန်မှာ ရောက်နေတဲ့ အာဆီယံခေါင်းဆောင်တွေ၊ အာဆီယံနိုင်ငံတွေက ကုန်သွယ်ရေးဝန်ကြီးတွေ တက်ရောက်ကြပါတယ်။

ဝန်ကြီး ဂီနာရိုင်မွန်ဒိုက ကိုဗစ်အလွန်ကာလ ကုန်စည်စီးဆင်းမှု အဟန့်အတားတွေ မဖြစ်အောင် ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်တဲ့အကြောင်း ပြောပါတယ်။

အာဆီယံနိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေမှာ အခြေစိုက်တဲ့ ကုမ္ပဏီတွေအနေနဲ့ အမေရိကန်နဲ့ ကုန်စည်စီးဆင်းမှု လမ်းကြောင်းတွေ ခိုင်မာဖို့၊ ကုန်သွယ်ရေး လမ်းကြောင်းတွေ လုံခြုံဖို့အတွက် ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

အစည်းအဝေးမှာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကလည်း အင်ဒိုနီးရှားအနေနဲ့ ဂျီ ၂၀ အဖွဲ့ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်နေတဲ့အချိန်မှာ ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့ဖို့၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေ ဖွံ့ဖြိုးရေးကို ဦးစားပေးပြီး ကြိုးပမ်းပေးသွားဖို့ ဆန္ဒရှိတဲ့အကြောင်း ပြောသွားပါတယ်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို အပါအဝင် အာဆီယံ ခေါင်းဆောင်တွေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဒီတပတ် ဝါရှင်တန်မှာ လက်ခံတွေ့ဆုံဖို့ ရှိပါတယ်။

နှစ်ရက်တာ ထိပ်သီးအစည်းအဝေးဟာ အိမ်ဖြူတော်မှာ မေ ၁၂ ရက် ညစာနဲ့ စတင်မှာ ဖြစ်ပြီး မေ ၁၃ ရက်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

အစည်းအဝေးကို အာဆီယံနိုင်ငံ ၈ နိုင်ငံက အကြီးအကဲတွေကိုယ်တိုင် တက်ရောက်လာပြီး စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံကို မဖိတ်ဘဲ ရွေးကောက်ပွဲအလွန် အစိုးရ အပြောင်းအလဲ လုပ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံကတော့ နိုင်ငံ့ခေါင်းဆောင် မတက်ရောက်နိုင်ပါဘူး။

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းတာကို လက်မခံနိုင်ကြောင်း ပြသတဲ့အနေနဲ့ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံ ကိုယ်စားပြုတဲ့ ထိုင်ခုံကို ချထားပြီး ဒီအတိုင်း လွှတ်ထားဖို့လည်း စဉ်းစားညှိနှိုင်းနေတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

//
Up