မဲဆွယ်ကတိ အလေးအနက်ထားရန် ပီရူးသမ္မတကို ကျောင်းဆရာများ တောင်းဆို

ပီရူးနိုင်ငံ မြို့တော်လီမာက လမ်းတွေပေါ်မှာ ကျောင်းဆရာတွေ မေ ၁၂ ရက်က ချီတက်ခဲ့ပြီး ကျောင်းဆရာဟောင်းဖြစ်သူ သမ္မတ ပေဒရို ကတ်စတီလိုကို မဲဆွယ်ကတိတွေ အလေးအနက်ထားဖို့ ဆော်ဩခဲ့ကြပါတယ်။
လီမာမြို့တော်က ပညာရေးဝန်ကြီးဌာနဆီ ချီတက်ဆန္ဒပြပွဲကို ပီရူး ပညာရေးလုပ်သားများသမဂ္ဂ အဖွဲ့ဝင်တွေက စီစဉ်ခဲ့ကြတာပါ။
ဆရာတွေအတွက် လုပ်ခလစာနဲ့ အငြိမ်းစားလစာ တိုးမြှင့်ရေး အပါအဝင် ပညာရေးအတွက် ဘတ်ဂျက်ပိုသုံးဖို့ တောင်းဆိုခဲ့ကြပါတယ်။
သူ့ရဲ့ ပင်တိုင် အထောက်အပံ့အဖြစ် ပညာရေးလုပ်သားတွေ မရှိတော့ဘူးဆိုရင်၊ သူ့ ရွေးကောက်ပွဲ မဲဆွယ်ကတိတွေကို မဖြည့်ဆည်းဘူးဆိုရင် တခုတည်းသော နည်းလမ်းအနေနဲ့ သမ္မတအဖြစ်ကနေ နုတ်ထွက်ဖို့ တောင်းဆိုရလိမ့်မယ်လို့ ပီရူးကျောင်းဆရာ လူစီယို ကတ်စ်ထရိုက ပြောပါတယ်။
သမ္မတ ကတ်စတီလိုဟာ လက်ဝဲဝါဒီ ကျောင်းဆရာဟောင်းနဲ့ သမဂ္ဂခေါင်းဆောင်ပါ။ တိုင်းပြည် မကြုံစဖူး နိုင်ငံရေး မတည်မငြိမ် ဖြစ်နေချိန် ပြီးခဲ့တဲ့ ဇူလိုင်လက သမ္မတ ဖြစ်လာပါတယ်။ သူဟာ စွပ်စွဲပြစ်တင်ဖြုတ်ချဖို့ ကြိုးပမ်းမှု ၂ ရပ်ကို အောင်အောင်မြင်မြင် ကျော်ဖြတ်ခဲ့သူလည်း ဖြစ်ပါတယ်။