မြိုင်မြို့နယ် ပန်းတိုင်းတောကျေးရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများ မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပန်းတိုင်းတောကျေးရွာကို မေ ၁၉ ရက် ဒီမနက် ၇ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေနဲ့ တွင်းမရွာဘက်က ပျူစောထီးတွေ ပူးပေါင်းပြီး အင်အား ၁၅၀ လောက်နဲ့ မီးရှို့ဖျက်ဆီးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပန်းတိုင်းတောရွာသားတယောက်က "စစ်(….) တွေနဲ့ ပျူ(….) တွေက ရွာကိုစဝင်တဲ့အချိန်မှာ အဝေးကနေ လက်နက်ကြီးနဲ့ ပစ်ဝင်တယ်။ ရွာဝင်ဝင်ချင်းမှာ သူတို့ မီးတန်းရှို့တယ်။ လက်ရှိအချိန်ထိဆိုရင် နေအိမ် ၁၀ လုံးလောက်နဲ့ ကြက်ခြံ လေးငါးခြံလောက် မီးထဲပါသွားပြီဗျ။ သူတို့ဝင်လာပြီဆိုတာနဲ့ ရွာသားတွေအားလုံး ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။
ဆက်လက်ပြီး သူက "ရွာက ကာကွယ်ရေးအဖွဲ့တွေလည်း လက်နက်အင်အား မမျှတော့ ရှောင်နေကြရတယ်။ ခုချိန်ထိတော့ သူတို့က ရွာထဲမှာ သေနတ်တွေနဲ့ ရမ်းပစ်ပြီးတော့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေကြတုန်းပဲ။ အဝေးကနေ မီးခိုးလုံးတွေ မီးတောက်တွေ လှမ်းမြင်နေရတယ်။ ဖုန်းလိုင်းတွေ အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ခံထားရတယ်။ ရွာဘက်မှာ မိုးရွာထားတော့ နေရေးထိုင်ရေးလည်း အဆင်မပြေဘူး။ တောထဲမှာ ဖြစ်သလို နေနေကြရတယ်။ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ မသွားနိုင်မလာနိုင်တဲ့ သူတွေကို ကာကွယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းကယ်ထုတ်ပြီး ဘေးလွတ်တဲ့နေရတွေကို ပို့ပေးထားရတယ်" လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ပူးပေါင်းထားတဲ့ နောက်စစ်ကြောင်းတကြောင်းကလည်း နဂါးပွက်ရွာထဲကို မနေ့ မေ ၁၈ ရက် ညနေပိုင်းမှာ စစ်ကြောင်းထိုးလာလို့ အိမ်ခြေ ၁၀၀ ကျော်လောက်က ဒေသခံပြည်သူတွေ အသက်လုပြီး ဘေးလွတ်ရာကို ထွက်ပြေးလာခဲ့ရတယ်လို့ နဂါးပွက်ရွာသားတယောက်က ပြောပါတယ်။
"သူတို့ စစ်ကြောင်းထိုးလာတော့ မနေ့ညကဆို မိုးတွေလည်း ရွာတယ်။ လှည်းတွေ၊ နွားတွေ အကုန်လုံး ကသီလင်တနဲ့ မိုးရွာကြီးထဲမှာ ဘေးကင်းရာကို အကုန် ထွက်ပြေးတိမ်းရှောင်ခဲ့ရတာ။ စစ်(--) တွေက ရွာထဲမှာပဲ ရှိသေးတယ်။ အခုလောလောဆယ်တော့ ပြည်သူတွေရဲ့ ကြက်တွေကို ဖမ်းပြီး သတ်စားနေကြတယ်။ မီးရှို့တာတော့ မလုပ်သေးဘူးဗျ။"
ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ မိုးကာတွေလည်း ပါမလာကြဘဲ သစ်ပင်အောက်တွေမှာ ခိုနေကြရသလို လှည်းအောက်တွေမှာလည်း ဝင်အိပ်ကြရတယ်လို့ ဆိုပါတယ်။
"သက်ကြီးရွယ်အိုတွေ ကိုယ်ဝန်ဆောင်တွေကျတော့ သူတို့စစ်ကြောင်းထိုးမယ်လို့ သတင်းကြိုရရချင်း ဘေးကင်းမယ်ထင်တဲ့ ရွာတွေကို ကားတွေနဲ့ ကြိုပို့ပေးကြသလို အဲဒီရွာတွေကလည်း လာကြိုကြတယ်။ မိုးတွင်းကာလဆိုတော့ မိုးကာအင်္ကျီတွေက အစ လိုအပ်ပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အကူအညီ လိုအပ်နေတယ်" အဲဒီ နဂါးပွက်ရွာသားက ဆက်ပြောပါတယ်။
နဂါးပွက်ရွာကို စစ်ကြောင်းထိုးလာတာကြောင့် အနီးနားမှာရှိတဲ့ မကျီးကန်၊ နှမ်းစားကျင်း၊ အိုးဘို၊ ကန်ကြီး၊ လယ်တီ၊ မြောက်စည် ကျေးရွာတွေ အပါအဝင် ကျေးရွာ ၁၀ ရွာလောက်က ဒေသခံပြည်သူ ၇,၀၀၀ ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကျေးရွာတွေကို မီးရှို့ ဖျက်ဆီးတာဟာ သူတို့ရဲ့လက်ချက် မဟုတ်ဘူးလို့ အမြဲတမ်း ငြင်းဆန်လေ့ရှိသလို့ PDF တပ်ဖွဲ့တွေကသာ မီးရှို့ဖျက်ဆီးနေတာလို့ သတင်းစာရှင်းလင်းပွဲတွေမှာ ပြောဆိုလေ့ရှိပါတယ်။
မကွေးတိုင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ဧပြီ ၃၀ ရက်နေ့အထိ စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးလို့ အိမ်ခြေ ၂,၁၃၁ လုံး မီးလောင် ဆုံးရှုံးခဲ့တယ်လို့ Data For Myanmar က မေ ၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။