လက်ဘနွန်ရွေးကောက်ပွဲတွင် ဟစ္စဘိုလာအုပ်စု အမတ်နေရာအများစု လက်လွှတ်ခဲ့ရ

လက်ဘနွန်နိုင်ငံမှာ မေ ၁၅ ရက်က ကျင်းပခဲ့တဲ့ ပါလီမန် ရွေးကောက်ပွဲရလဒ်အရ ဟစ္စဘိုလာအုပ်စုဟာ လွှတ်တော်မှာ အများစု လွှမ်းမိုးထားတဲ့ အခြေအနေကို လက်လွှတ်လိုက်ရပါတယ်။
ဟစ္စဘိုလာခေါင်းဆောင် ဆာယိဒ်ဟက်ဆန်နက်ရော်လာက သူ့ပါတီနဲ့ မဟာမိတ်တွေဟာ လွှတ်တော်မှာ အရင်လို လွှမ်းမိုးထားနိုင်တဲ့ အခြေအနေ မဟုတ်တော့တဲ့အကြောင်း မေ ၁၈ ရက်က ပြောပါတယ်။
"အခြေအနေက ၂၀၁၈ ကနဲ့ မတူတော့ပါဘူး။ လွှတ်တော်ထဲမှာ အများစုလွှမ်းမိုးတဲ့ပါတီ မရှိတော့ပါဘူး" လို့ မေ ၁၈ ရက်က အယ်မာနာ ရုပ်သံကတဆင့် ပြောကြားတဲ့မိန့်ခွန်းမှာ ထည့်ပြောသွားပါတယ်။
၂၀၁၈ ရွေးကောက်ပွဲတုန်းက ၇၁ နေရာအထိ အနိုင်ရခဲ့တဲ့ ဟစ္စဘိုလာနဲ့ မဟာမိတ်တွေဟာ အခုတခါမှာတော့ အမတ်နေရာ ၆၂ နေရာကိုပဲ ပြန်လည် အနိုင်ရပါတယ်။
ဟစ္စဘိုလာပါတီလိုပဲ ပြိုင်ဘက် ဆွန်နီ၊ ဒရုဇ်နဲ့ ခရစ်ယာန်ပါတီတွေလည်း အရင်ကနိုင်ခဲ့တဲ့ နေရာတချို့ လက်လွှတ်လိုက်ရပါတယ်။
အခုရွေးကောက်ပွဲမှာ ဟစ္စဘိုလာကို ဆန့်ကျင်တဲ့ လက်ဘနွန်တပ်ပေါင်းစုပါတီ Lebanese Forces party က အခြေအနေကောင်းသလို တသီးပုဂ္ဂလ အမတ်လောင်းတွေလည်း အနိုင်ရကြပါတယ်။
ရွေးကောက်ပွဲရလဒ်အရ ဟစ္စဘိုလာတွေ ထိုင်ခုံနေရာ တော်တော်များများ လက်လွှတ်လိုက်ရပေမဲ့ ပါတီခေါင်းဆောင် နက်ရော်လာက ကြီးမားတဲ့အောင်ပွဲလို့ သူ့မိန့်ခွန်းမှာ ပြောသွားပါတယ်။
ပါတီတွေကြားမှာ မျက်နှာသစ် နိုင်ငံရေးသမားတွေနဲ့ အတူတကွ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်း ပြောသွားပါတယ်။ ဒီလို ပူပေါင်းဆောင်ရွက်တာမရှိရင် တိုင်းပြည်ဟာ အထိန်းအချုပ်မရှိဘဲ မငြိမ်မသက် ဖြစ်မယ်လို့လည်း သတိပေးလိုက်ပါတယ်။
ရွေးကောက်ပွဲရလဒ်အရ လွှတ်တော်မှာ အများစုထိန်းချုပ်ထားတဲ့ပါတီ မရှိတော့ဘဲ အုပ်စုငယ်တွေ ကွဲသွားတာဖြစ်လို့ တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျနေတာကို ပြန်လည်ကုစားဖို့ မူဝါဒအသစ် ချမှတ်တဲ့အခါမှာ အချိန်ကြန့်ကြာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။