ကမ္ဘာတဝန်းတွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် ဒုက္ခသည်ဦးရေ သန်း ၁ဝဝ ကျော်ရှိလာ

ကမ္ဘာတဝန်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်ဦးရေ သန်း ၁ဝဝ ကျော်ရှိလာတဲ့ထဲက မြန်မာ၊ အာဖဂန်နစ္စတန်၊ ဘာကီနာဖာဆို၊ ကွန်ဂို၊ အီသီယိုးပီးယားနဲ့ နိုင်ဂျီးရီးယား နိုင်ငံတွေမှာ နေရပ်စွန့်ခွာထွက်ပြေးရသူဟာ ၂ဝ၂၁ နှစ်ကုန်ပိုင်းအထိ သန်း ၉ဝ အထိရှိခဲ့ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) က မေ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ပဋိပက္ခတွေ၊ အကြမ်းဖက်ခံရမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ အောက်ကနေ ထွက်ပြေးတိမ်းရှောင်လာရတဲ့သူ အရေအတွက်ဟာ ပထမဆုံးအကြိမ် စံချိန်တင် သန်း ၁ဝဝ ကျော်သွားတယ်လို့ UNHCR ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ၂ဝ၂၂ ခုနှစ် မေလဆန်းပိုင်းက ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာတော့ စစ်တပ်က အာဏာသိမ်းထားတဲ့ တနှစ်ကျော်ကာလအတွင်းမှာ ဒုက္ခသည်အသစ် ၅၉၀,၁၀၀ အထိ တိုးလာပြီး အရင်ကတည်းကရှိနေတဲ့ ဒုက္ခသည် ၃၄၆,၆၀၀ နဲ့ပေါင်းရင် လက်ရှိ မြန်မာနိုင်ငံမှာရှိတဲ့ စစ်ဘေးဒုက္ခသည် စုစုပေါင်းဟာ ၉၃၆,၇၀၀ ကျော်ရှိနေပါတယ်။
သန်း ၁ဝဝ ကျော်လာတဲ့ ကမ္ဘာတဝန်း ဒုက္ခသည်အရေအတွက်ကိုကြည့်ရင် ထိတ်လန့်စရာကောင်းပြီး၊ ပဋိပက္ခတွေအဆုံးသတ်ဖို့ လိုနေပြီလို့ ကုလသမဂ္ဂကက ဆိုထားပါတယ်။
ကမ္ဘာတဝန်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်ဦးရေ သန်း ၁ဝဝ ကျော်ထဲက ၂ဝ၂၂ ခုနှစ်ဆန်းပိုင်းက စခဲ့တဲ့ ယူကရိန်း-ရုရှားစစ်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့သူက ၁၄ သန်း ရှိပါတယ်။