close

ကျိုက်ထိုတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ လက်ပံပင်အုပ်စု၊ ဘုရားလေးလမ်းခွဲမှာ ဇွန် ၇ ရက် မနက် ၈ နာရီလောက်က  စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သထုံခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း (၃) က ထုတ်ပြန်ပါတယ်။

ဝေါမြို့နယ်ကနေ ကျိုက်ထိုမြို့နယ်ထဲကို မောင်းနှင်းလားတဲ့ ကား ၅ စီးပါး စစ်ကောင်စီ ယာဉ်တန်းကို သထုံခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း (၃) က မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် လက်နယ်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မိုင်းဆွဲခံရတာကြောင့် စစ်ကောင်စီကား တစ်စီး ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦး သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိနိုင်တယ်လို့ သထုံခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း (၃) တာဝန်ရှိသူကပြောပါတယ်။ ဒါပေမဲ့ ထိခိုက်သေဆုံးသူ အရေအတွက်ကို သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ကျိုက်ထိုမြို့နယ်၊ သရက်ကုန်းကျေးရွာအနီးမှာ ဇွန် ၇ ရက် မနက် ၁၁ နာရီခွဲလောက်က ကျိုက်ထိုကနေ ဘီးလင်းမြို့နယ်ထဲကို မောင်းနှင်းလာတဲ့ ကား ၇ စီးပါး စစ်ကောင်စီယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီတိုက်ခိုက်မှုမှာတော့ မိုင်းချို့ယွင်းမှုကြောင့် ပေါက်ကွဲအား မပြင်းထန်ခဲ့တာကြောင့် ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်ထဲမှာတော့ စစ်ကောင်စီယာဉ်တန်း မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံနေရတာ ဖြစ်ပါတယ်။

//
Up