close

ပုသိမ်မြို့တွင် ဓာတ်ဆီဆိုင်အများစု ဆီမရှိသဖြင့် အရောင်းရပ်ထား

ဧရာဝတီတိုင်း၊ ပုသိမ်မြို့က ဓာတ်ဆီဆိုင်တော်တော်များများဟာ ဇွန်လပိုင်းဆန်းက  စတင်ကာ ဆီမရှိတော့တာကြောင့် အရောင်းရပ်နားထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။ 

ပုသိမ်မြို့ပေါ်မှာ ဆီပန့်ဆိုင်အကြီး ၁၇ ရှိပြီး ဆီမရှိတော့လို့ ၁၃ ဆိုင်က အရောင်းရပ်နားထားရပြီး ကျန်တဲ့ဆိုင်က အလှည့်ကျစနစ်နဲ့ ရောင်းချပေးနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

“အခုကဘယ်လိုဖြစ်နေလဲဆိုတော့ ပထမတခါ ဆီပြတ်တုန်းက ဆိုင်တွေက ဆီကုန်ပြီတို့၊ မရောင်းသေးပါလို့ စာရေးထားပြီး လာဝယ်သူတွေ သိအောင်ပြောပေးသေးတယ်။ အခုကတော့ တိုးတိုးတိတ်တိတ်ပဲ ဆီဆိုင်ထဲ ဝင်လာမှ လက်ကာပြတာ။ အဲ့တော့ တပတ်မောင်းပြီး ပြန်ထွက်ရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။ 

ဆီဝယ်ရတာခက်ခဲလာတာကြောင့် မနက်ကို ဆီရောင်းတဲ့ ပန့်ဆိုင်ကြီးတွေကို အစောကြီး လိုက်တန်းစီနေရပြီး မရလို့ မြို့ထဲမှာပြန်လာဝယ်ရရင် ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ပေါင်းကာ ဈေးတင်ရောင်းတာမျိုးတွေကြောင့် လုပ်ငန်းလည်ပတ်ရေး အခက်အခဲတွေလည်း ရှိနေတယ်လို့ ဆိုင်ကယ်အငှားမောင်းသူတဦးက ပြောပါတယ်။ 

ပုသိမ်မြို့မှာ ခုလိုမျိုး ဆီဆိုင်အများစု ဆီရောင်းဖို့ မရှိတော့တာကြောင်း အသေးစား အလတ်စားလုပ်ငန်းတွေနဲ့ ဆိုင်ကယ်မောင်းသူတွေ အိုးဝေမောင်းသူတွေအတွက် အခက်အခဲတွေရှိလာတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ 

ဇွန်လဆန်းပိုင်းက စတင်ကာ ပုသိမ်မြို့မှာ 92  တစ်လီတာကို ကျပ်  ၂၂၀၀ ၊ 95 တစ်လီတာကို  ၂၅၅၅ ကျပ်နဲ့ ဒီဇယ် တစ်ဂါလံကို  ၂၃၁၂၅ ကျပ်အထိ ပေးဝယ်နေရတယ်လို့ ဆိုပါတယ်။

//
Up