အာဆင်နယ်အသင်းအခြေအနေ လက်ခံနိုင်စရာမရှိကြောင်း ဂီလ်ဘာတို ဆေးလ်ဗားပြော

အာဆင်နယ်အသင်းရဲ့ အခြေအနေဟာ လက်ခံနိုင်စရာမရှိတဲ့ စွမ်းဆောင်ရည်ဖြစ်ကြောင်း အသင်းဂန္ထဝင်ကွင်းလယ်လူ ဂီလ်ဘာတိုဆေးလ်ဗားက ပြောပါတယ်။
ဆေးလ်ဗားဟာ အာဆင်နယ်အသင်းရဲ့ ရှုံးပွဲမရှိချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၀၃-၂၀၀၄ ခုနှစ်ရာသီက အသင်းသားတဦးဖြစ်ပြီး အသင်းမှာ ၆ နှစ်ကြာ ကစားခဲ့ပါတယ်။
လက်ရှိ အသင်းရဲ့အခြေအနေတွေကို မြင်ရတာဟာ ခက်ခဲပြီး ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိဖို့နဲ့ ဆုဖလားစိန်ခေါ်နိုင်တဲ့ အသင်းဖြစ်အောင် ပြန်လည်လုပ်ဆောင်ဖို့ လိုအပ်နေကြောင်း ဘရာဇီးကစားသမားဟောင်း ဂီလ်ဘာတိုဆေးလ်ဗားက ပြောပါတယ်။
“အာဆင်နယ်ပရိသတ်တွေအတွက် စိတ်ပျက်စရာအကောင်းဆုံးအချက်က အခုနှစ်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရတာလို့ ထင်တယ်။ မန်စီးတီး၊ လီဗာပူးအသင်းတွေနဲ့ယှဉ်ရင် တူညီတဲ့အဆင့်အတန်းမှာ မရှိတော့ပါဘူး။ လက်ရှိအခြေအနေတွေကို ဖြေရှင်းပြီး ချန်ပီယံဆုဖလား စိန်ခေါ်နိုင်တဲ့ အသင်းဖြစ်ဖို့ ပြင်းပြင်းထန်ထန် ကြိုးပမ်းသွားကြဖို့ လိုပါတယ်။ ကျနော်တို့က ကမ္ဘာ့အကောင်းဆုံး အသင်းတသင်းဖြစ်ပြီး လက်ရှိစွမ်းဆောင်ရည်တွေက လက်ခံနိုင်စရာမရှိပါဘူး” လို့ ဂီလ်ဘာတို ဆေးလ်ဗားက ပြောပါတယ်။
မန်စီးတီးက ဘရာဇီးတိုက်စစ်မှူး ဂျေးဆူအနေနဲ့ အာဆင်နယ်ကို ပြောင်းရွှေ့မယ်ဆိုရင် နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်တဲ့ အပြောင်းအရွှေ့ ဖြစ်လိမ့်မယ်လို့လည်း ဂီလ်ဘာတိုဆေးလ်ဗားက မှတ်ချက်ပေးခဲ့ပါတယ်။