မာနေးအတွက် ဘိုင်ယန်မြူးနစ်ကမ်းလှမ်းချက် လီဗာပူး ပယ်ချ

တိုက်စစ်မှူး မာနေးအတွက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပေါင် ၂၁ သန်းနဲ့ ပထမဆုံး ကမ်းလှမ်းမှုကို လီဗာပူးအသင်းက ပယ်ချလိုက်ပါတယ်။
အသက် ၃၀ အရွယ် မာနေးဟာ လီဗာပူးအသင်းနဲ့ စာချုပ်သက်တမ်းတနှစ်သာ ကျန်ရှိတော့သူဖြစ်ပြီး အခုနွေရာသီမှာ လမ်းခွဲဖို့ နီးစပ်နေပြီဖြစ်သလို ဘိုင်ယန်မြူးနစ်အသင်းကို ရောက်ရှိဖို့ အလားအလာများနေကြောင်းလည်း ထင်ကြေးပေးခံနေရပါတယ်။
လီဗာပူးအသင်းအနေနဲ့တော့ အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတဲ့ မာနေးကို ပြောင်းရွှေ့ကြေးရရှိမယ့်အချိန်မှာ ရောင်းချလိုပေမဲ့လည်း ဘိုင်ယန်မြူးနစ်အသင်း ကမ်းလှမ်းခဲ့တဲ့ ပမာဏထက် ပိုမိုလိုလားနေကြောင်း သိရပါတယ်။
သတင်းတွေအရ လီဗာပူးအသင်းဟာ မာနေးအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၄၀ အထက်ရရှိဖို့ လိုလားနေပြီး ဘိုင်ယန်မြူးနစ်အသင်းကလည်း စာချုပ်သက်တမ်း တနှစ်သာ ကျန်ရှိတော့တဲ့ ကစားသမားကို အဲဒီပမာဏ ပေးချေလိုခြင်းမရှိကြောင်း သိရပါတယ်။
ဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းက ပထမဆုံးအကြိမ် ကမ်းလှမ်းမှုကို ပေါင် ၂၁ သန်းနဲ့ စတင်လိုက်တာဖြစ်ပြီး ချန်ပီယံလိဂ်ဖလားရခဲ့ရင် နောက်ထပ် ပေါင် ၄ သန်း ထပ်ဆောင်းပေးအပ်မယ်လို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။