ဘိုလီးဗီးယားနိုင်ငံတွင် မြေပြိုသဖြင့် လူ ၆ ဦး ဒဏ်ရာရ

ဘိုလီးဗီးယားနိုင်ငံမြို့တော် လာပက်ဇ်ရဲ့ အဓိက မိန်းလမ်းကျယ်ကြီးတခုမှာ ဇွန် ၁၆ ရက်က မြေပြိုမှုတခုမှာ ကျောက်တုံးကျောက်ခဲတွေ ၂ တန်ကျော်လောက် ပြိုကျသွားတဲ့အထဲ ကား ၃ စီး ပိတ်မိသွားပြီး အနည်းဆုံး လူ ၆ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
မြေကြီးနဲ့ကျောက်တုံးတွေဟာ အမြင့် ၂၅ မီတာ လောက် ကနေ လျှောကျသွားပြီး ၅ မီတာ စောက်အနက်လောက် ခွက်ဝင်သွားတာပါ။
ဘေးဒုက္ခကြုံရသူတွေကို အရေးပေါ်ဌာနတွေဆီ ပို့ဆောင်ပေးခဲ့ပြီး နောက်ထပ်လူတွေ ပိတ်မိနေဦးမလားလို့ ဆက်လက်ကယ်ဆယ်ရေးလုပ်နေကြောင်း လာပက်ဇ် မြို့တော်ဝန် အီဗန် အာရီယာစ်က ပြောပါတယ်။
အာဏာပိုင်တွေကတော့ အပူချိန် ၁၇ ဒီဂရီစင်တီဂရိတ်ကနေ - ၈ ဒီဂရီစင်တီဂရိတ်အထိ လွန်လွန်ကဲကဲ ပြောင်းလဲခြင်းဟာ မြေပြင် မတည်ငြိမ်မှုကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းအဖြစ် ယူဆထားပါတယ်။
လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က ပီရူးမှာ ငလျင်တစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။ လာပက်ဇ်မှာ မြေအောက်မြစ်ပေါင်း ၄၀၀ လောက်ရှိတာကြောင့် မြေပြိုမှုတွေ အဖြစ်များပါတယ်။