တရုတ်တောင်ပိုင်း ပုလဲမြစ်ဝှမ်းဒေသ ရေဘေးသင့်နေ

တရုတ်နိုင်ငံတောင်ပိုင်း ပုလဲမြစ်ဝှမ်းဒေသမှာ ရေဘေးသင့်နေလို့ ရေဘေးထိန်းချုပ်ဖို့ အဆင့် ၃ အရေးပေါ်တုံ့ပြန်ရေး သတိပေးချက် ထုတ်ပြန်ထားရတယ်လို့ တရုတ်ရေအရင်းအမြစ် ဝန်ကြီးဌာနက ဇွန်လ ၂၇ ရက်မှာ ပြောပါတယ်။
ပုလဲမြစ်ဝှမ်းဒေသမှာ ဇွန် ၂၇ ရက်ကနေ ၂၉ ရက်အထိ မိုးကြီးလို့ ရေကြီးမယ့် အလားအလာ ရှိနေသလို ပုလဲမြစ်ရဲ့ အဓိကမြစ်လက်တက် ၃ ခုဖြစ်တဲ့ ရှီးကျန်း၊ ဘေးကျန်းနဲ့ ဟန်ကျန်းမြစ်တွေအပါအဝင် အဓိကမြစ်တွေမှာ ရေမျက်နှာပြင် မြင့်တက်လာဖို့ ခန့်မှန်းထားပါတယ်။
ရေဘေးထိန်းချုပ်ရေးလုပ်ငန်းတွေကို ညွှန်ကြားဖို့ ကွမ်းရှီးနဲ့ ကွမ်တုံပြည်နယ်တွေဆီ ဝန်ကြီးဌာနက အလုပ်အဖွဲ့တွေ စေလွှတ်ထားပါတယ်။ တရုတ် ရေဘေးထိန်းချုပ်ဖို့ အရေးပေါ် တုံ့ပြန်ရေးစနစ်မှာ အဆင့် ၄ ဆင့် ရှိပြီး အဆင့် ၁ က အပြင်းထန်ဆုံးပါ။
ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ဓာတ်အားပေး ဆည်ဖြစ်တဲ့ ဥမင်သုံးသွယ် ဆည်ကြီးမှာလည်း အကြီးစား ရေဘေးအတွက် ကြိုတင်ပြင်ဆင်နေရပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်းမှာတော့ ရေမြုပ်မြို့ဆိုတဲ့ စကားလုံး ထွန်းကားလာတဲ့အထိ မြို့တွေ ရေမြုပ်နေပါတယ်။ ကွေ့ကျန်းမြစ်ရေဟာ ဝူကျိုးမြို့မှာ ဒီနှစ်အတွင်း အမြင့်ဆုံး ရေမျက်နှာပြင်ဖြစ်တဲ့ ၂၆ ဒသမ ၁၂ မီတာထိ ရောက်ခဲ့ပါတယ်။
ကျောင်းဝင်ခွင့်စာမေးပွဲဖြေမယ့် ကျောင်းသူ ကျောင်းသားတွေကို သယ်ယူပို့ဆောင်ဖို့ ဒေသန္တရ အစိုးရတွေက လှေတွေ စီစဉ်ပေးခဲ့ပါတယ်။ ဇွန်လ အစကတည်းက ဒေသတွင်းမှာ မိုးကြီးလို့ ရေလွှမ်းမိုးပြီး လမ်းတွေ ပျက်စီးခဲ့ပါတယ်။