လစ်ဗျားကန္တာရတွင် ပျောက်ဆုံးသွားသည့် ရွှေ့ပြောင်းနေထိုင်သူ ၂၀ ၏ အလောင်းများတွေ့ရှိ

ချဒ်နိုင်ငံအနားက လစ်ဗျားကန္တာရထဲမှာ ပျောက်သွားတဲ့ ရွှေ့ပြောင်းနေထိုင်သူ အယောက် ၂၀ရဲ့ အလောင်းတွေကို တွေ့ပြီလို့ လူနာတင်ယာဉ်ဌာနက ဇွန် ၂၉ ရက်မှာ ပြောလိုက်ပါတယ်။
သဲကန္တာရထဲက အနက်ရောင် ပစ်ကပ်ကုန်ကားနားမှာလဲနေတဲ့ အလောင်းတွေရဲ့ ဓာတ်ပုံတွေ ကိုလည်း ပြခဲ့ပါတယ်။
ကန္တာရထဲမှာ ခရီးသွားနေတဲ့ ကုန်ကားမောင်းသမားတယောက်က အလောင်းတွေကို တွေ့ခဲ့တာပါ။
သူတို့ကို ချဒ်နယ်စပ်နဲ့ ကီလိုမီတာ ၁၂၀ အကွာ ကူဖရာဒေသ အနောက်တောင်ပိုင်း ကီလိုမီတာ ၃၂၀ အကွာမှာ ဇွန် ၂၈ ရက်က ပြန်သယ်လာခဲ့ပါတယ်။
“ဇွန် ၁၃ ရက်က သူတို့ နောက်ဆုံး ဖုန်းဆက်ထားခဲ့ချိန်ကနဲ့ ဆိုရင် သူတို့ ကန္တာရထဲမှာ သေပြီးတာ လွန်ခဲ့တဲ့ ၁၄ ရက်လောက် တည်းကပဲလို့ ယုံတယ်။ ကားမောင်းသူက လမ်းပျောက်သွားခဲ့တာ”လို့ ကူဖရာ လူနာတင်ယာဉ်ဌာန အကြီးအကဲ အီဗရာဟင်မ် ဘယ်ဟာဆန်က ဖုန်းနဲ့ ပြောဆို ဖြေကြား ပါတယ်။
အလောင်း နှစ်လောင်းက လစ်ဗျား နိုင်ငံသားတွေ ဖြစ်ပြီး တခြားသူတွေကတော့ လစ်ဗျားနိုင်ငံထဲကို တရားမဝင် ခိုးဝင်လာတဲ့ ချဒ်နိုင်ငံက ရွှေ့ပြောင်းနေထိုင်သူတွေလို့ သူက ဆက်ပြောခဲ့ပါတယ်။